ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို အဲဗာတန်အသင်းခေါ်ယူ

ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို အဲဗာတန်အသင်းခေါ်ယူ

ဇူလိုင် ၄၊ အင်္ဂလန် ။                 ။ ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့် အဲဗာတန်အသင်းသည် ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး   ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မန်ယူအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့် ကိန်းကို အဲဗာတန်အသင်းက ကြားဖြတ်ခေါ်ယူသွားခြင်းဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ကိန်းသည် ယခုအပြောင်းအရွှေ့တွင် အဲဗာတန်အသင်း   ခေါ်ယူထားသည့် ငါးယောက်မြောက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

အဲဗာတန်သို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ကိန်းက ‘ပထမဆုံးပြောချင်တာကတော့ အဲဗာတန်ကိုပြောင်းရွှေ့ခဲ့တာက နည်းပြကိုးလ်မန်းကြောင့် အများကြီး ပါ,ပါတယ်။ သူက ကျွန်တော်ကစားတဲ့နေရာမှာ ကစားခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့နယ်သာလန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူနှစ်သက်တဲ့ကစားပုံက ကျွန်တော်နဲ့သင့်တော်မှုရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မနှစ်က အဲဗာတန်ပွဲတွေ အများကြီး ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ကစားပုံနဲ့အံ့ဝင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ကို ယုံကြည်မှုရှိပြီး ကျွန်တော့်ကိုအလိုရှိတဲ့အသင်းကိုပဲ သွားချင်ပါတယ်။ အဲဗာတန်က ကျွန်တော်သွားချင်တဲ့ ကလပ်အသင်းမျိုးပါ။ ကျွန်တော့်အသက်က အခုမှ ၂၄ နှစ်ပဲရှိပါသေးတယ်။ အများကြီးတိုးတက်လာဦးမှာပါ။ ကိုးလ်မန်းရဲ့လမ်းညွှန်မှုအောက်မှာ အများကြီးတိုးတက်လာမယ်လို့ လုံးဝယုံကြည်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly