ပြင်သစ်က မွတ်စလင်ဗလီအပြင်ဖက် ပစ်ခတ်မှုဖြစ်၍ ရှစ်ဦး ဒဏ်ရာရ

ပြင်သစ်က မွတ်စလင်ဗလီအပြင်ဖက် ပစ်ခတ်မှုဖြစ်၍ ရှစ်ဦး ဒဏ်ရာရ

ပါရီ၊ ဇူလိုင် ၃ ။                ။ ပြင်သစ်နိုင်ငံ တောင်ပိုင်းက ဗလီတစ်ခုအပြင်ဖက်၌ ပစ်ခတ်မှုဖြစ်၍ မိန်းကလေးငယ်တစ်ဦးအပါအဝင် လူရှစ်ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက အတည်ပြုပြီး အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်း ပြောသည်။

အဗီနွန်အရပ်တွင် ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် ညဆယ်နာရီခွဲခန့်၌ ဗလီနားတွင် ကာအတွင်းမှ လူနှစ်ဦး ထွက်လာပြီး ဗလီအပြင်ဖက်နား ပစ်ခတ်ခြင်း ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသူ တစ်ဦးမှ အသက်အန္တရာယ် မစိုးရိမ်ရပေ။

"ခုချိန်ထိ စုံစမ်းမှုအရ အစွန်းရောက်တိုက်ခိုက်မှု မဟုတ်ဘူးဆိုတာ သိရပါတယ်"ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။

သံသယရှိသူနှစ်ဦးသည် ပစ္စတိုနှင့် ပြောင်းတိုသေနတ်တို့ဖြင့် ဗလီမှ ထွက်လာသော လူအုပ်ကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း La Provence သတင်းစာက ဖော်ပြသည်။

ဗလီအပြင်၌ လူလေးဦး သေနတ်ထိမှန် ဒဏ်ရာရပြီး မီတာ ၅၀ အကွာရှိ တိုက်ခန်းတစ်ခုမှ ခုနစ်နှစ်သမီးလေးအပါအဝင် မိသားစုလေးဦး ကျည်ဆန်လွင့်စင်ဒဏ်ရာရကြောင်း အဆိုပါသတင်းစာက ဖော်ပြသည်။

ဒဏ်ရာရသူ ရှစ်ဦးတွင် နှစ်ဦးအား ဆေးရုံတင်ပို့ထားသည်။ ပစ်ခတ်သူနှစ်ဦးက ဗလီကထွက်လာသူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းတော့ မဟုတ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တိုက်ခိုက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ဘဲ လူငယ်များကြား အချင်းများရာမှ ဖြစ်ပွားသည့် ပစ်ခတ်မှုသာဖြစ်သည်ဟု ရဲကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly