ဒါမာစကတ်မြို့တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး ၉ဦးခန့်သေဆုံး

ဒါမာစကတ်မြို့တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး ၉ဦးခန့်သေဆုံး

ဇူလိုင် ၂ ။            ။ ဆီးရီးယားနိုင်ငံ ဒါမာစကတ်မြို့အရှေ့ဘက်ခြမ်း၌ တနင်္ဂနွေနေ့တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သော ကြောင့် အနည်းဆုံး ၉ဦးခန့် သေဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်လေ့လာ သူများက ပြောခဲ့သည်။

“ကိုးဦးလောက် သေဆုံးခဲ့ပါတယ်။ အရပ်သားနဲ့စစ်သားတွေ သေဆုံးခဲ့တာပါ။ အသေခံဗုံးပေါက်ကွဲမှုဟာ ဒါမာစကတ်မြို့က တာရာရင်ပြင်အနီးမှာ ဖြစ်ပွားခဲ့တာပါ” ဟု ဆီးရီးယားလူ့အခွင့်အရေး   စောင့်ကြည့်လေ့လာ ရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ရာမီအက်ဘ်ဒယ်ရာမန်က ပြောခဲ့သည်။

သူ၏ပြောဆိုချက်အရ တနင်္ဂနွေနေ့မနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များသည် မြို့တွင်းသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော ကားဗုံးဖောက်ခွဲသူ ၃ဦးကို တားဆီးခဲ့ရာ၌ ယာဉ်မောင်းသူ ၂ဦးကို ပစ်သတ်နိုင်ခဲ့ပြီး ကားနှစ်စီး သည် မြို့အဝင်ဝတွင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

သို့သော်လည်း တတိယမြောက်ကားသည် ဒါမာစကတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး စနက်တံဖြုတ်၍ ဖောက်ခွဲခဲ့သောကြောင့် လူအမြောက်အမြားသေဆုံးခဲ့ကာ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန ဆာနာက အကြီးတန်းရဲအရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အကြမ်းဖက်သမားများသည် ကား ၃စီးကို ဆက်တိုက်ဖောက်ခွဲခဲ့ကြောင်းနှင့် ယာဉ်မောင်းနှစ်ဦးသည် မြို့တော်အရှေ့တောင်ဘက်ရှိ ဒါမာစကတ်လေဆိပ်သို့ ဦးတည်နေခဲ့ပြီး တတိယကားတစ်စီးသည် အရှေ့ဘက်ရှိ ဆာဟတ်အယ်လ် တာရာနယ်မြေထဲသို့ ဦးတည်နေခဲ့ကြောင်း သတင်းတင်ပြခဲ့သည်။

“အကြမ်းဖက်သမားတွေရဲ့ အသေခံဗုံးခွဲမှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့ယုံသာမက ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အဦးတွေလည်း ပျက်စီးသွားခဲ့ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly