ဆယ်စုနှစ်သုံးစုကျော် ရှောင်ပြေးနေသည့် မူးယစ်ရာဇာတစ်ဦးကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းဆီး

ဆယ်စုနှစ်သုံးစုကျော် ရှောင်ပြေးနေသည့် မူးယစ်ရာဇာတစ်ဦးကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းဆီး

ဇူလိုင် ၂ ။             ။ တောင်အမေရိကတိုက်တွင် ကိုကင်းအများဆုံးဖြန့်ဖြူးသည့် ဂိုဏ်းခေါင်းဆောင်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး မျက်နှာကိုခွဲစိတ်ပြုပြင်၍ ရဲများလက်ထဲမှ ဆယ်စုနှစ်သုံးစုကျော် ထွက်ပြေးလွတ်မြောက်နေသော မူးယစ်ရာဇာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအာဏာပိုင်များက စနေနေ့တွင် ကြေညာခဲ့သည်။

လုဇ်ကားလို့စ်ဒါရိုချာဟု အမည်ရသော ထိုမူးယစ်ရာဇာကြီးကို ဘရာဇီးအနောက်ပိုင်းရှိ မာတိုဂရော့ဆိုပြည်နယ် မှ ဆိုရစ်ဆိုမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲများက   ကြေညာချက်တွင် ဖော်ပြထားသည်။

ဒါရိုချာသည် သူ၏ အမည်ကို ဗစ်တာလုဇ်ဒီမိုရေးစ်ဟု ပြောင်းလဲခဲ့ယုံသာမက နိုင်ငံတကာသို့ ဖြန့်ဖြူးနေသော သူ၏ မူးယစ်လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် ရဲများကိုလိမ်လည်လှည့်ဖျားရန် မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့ ကြောင်း သိရသည်။

သူ့ကိုဖမ်းဆီးရန်အတွက် အေးဂျင့် ၁၅၀ခန့်က တည်နေရာအသီသီး၌ ရုတ်တရက်စီးနင်းမှု ၂၄ခု ပြုလုပ်ခဲ့ရကာ သူ၏ လက်ယာရံတစ်ဦးကိုပါ ဖမ်းမိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀သန်းခန့်တန်ဖိုးရှိသော ဇိမ်ခံကားများ၊ လေယာဉ်များ၊ လယ်ယာများနှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့၏ပြောဆိုချက်အရ ဒါရိုချာကို သူ၏ ကိုယ်ပိုင်တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ကာကွယ်စောင့် ရှောက်ပေးထားသောကြောင့် ပြင်းပြင်းထန်ထန် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

မူးယစ်နှိမ်နင်းရေးရဲများသည် မာတိုဂရော့ဆိုရှိ သံသယရှိရသူများကို ပစ်မှတ်ထားနေစဉ် အေးဂျင့်များက လုဇ်ကားလို့စ်ဒါရိုချာ၏ ဓာတ်ပုံဟောင်းနှင့် ယခုလက်ရှိမျက်နှာအနေအထားကို တိုက်ကြည့်နေခဲ့ကြကာ နောက်ဆုံးတွင် လုဇ်ကားလို့စ်ဒါရိုချာနှင့် ဗစ်တာလုဇ်တို့သည် တစ်ဦးတည်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူ မူးယစ်ရာဇာကြီးသည် ကိုကင်းများကို အကြီးအကျယ်ချိတ်ဆက် ရောင်းဝယ်နေပြီး ဘိုလစ်ဗီးယား၊ ကိုလမ်ဘီယာ နှင့် ပီရူးတို့ရှိ သစ်တောများအတွင်း၌ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ကာ တောင်အမေရိကတိုက်အတွင်း၌ သာမက အမေရိကန်နှင့် ဥရောပတို့အထိ ဖြန့်ဖြူးနေသူဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly