မက္ကစီကိုမြောက်ပိုင်း၌ ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်အတွင်း ရာဇဝတ်သား ၁၉ဦးခန့်သေဆုံး

မက္ကစီကိုမြောက်ပိုင်း၌ ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်အတွင်း ရာဇဝတ်သား ၁၉ဦးခန့်သေဆုံး

ဇူလိုင် ၂ ။           ။ မက္ကစီကိုနိုင်ငံမြောက်ပိုင်းမှ မူးယစ်ဆေးဝါးမှောင်ခိုကူးသူ အများဆုံးရှိသည့် စီနာလိုအာပြည်နယ်အတွင်း၌ ရဲတပ်ဖွဲ့နှင့် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်မှုကြောင့် ရာဇဝတ်သား ၁၉ဦးသေဆုံးခဲ့ပြီး ရဲ ၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက စနေနေ့တွင် ပြောခဲ့သည်။

အဆိုပါဖြစ်ရပ်သည် သောကြာနေ့အနှောင်းပိုင်းတွင်ဖြစ်ပွားခဲ့ပြီး သေနတ်သမားများကို တင်ဆောင်လာသည့် ယာဉ်တန်းနှင့် ဒေသတွင်းရဲတပ်ဖွဲ့အကြီးအကဲ ဂျိုအယ်အာနက်စတိုဆိုတို ဦးဆောင်သည့် ရဲတပ်ဖွဲ့ယာဉ်တန်း တို့ ထိပ်တိုက်တွေ့ဆုံမိချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ် ၄စီးပေါ်မှ သေနတ်သမား ၁၉ဦးသည်အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့နှင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြပြီး နောက်ဆုံးတွင် နယ်မြေရဲများက ၎င်းတို့အားသုတ်သင်ခဲ့သည်။

“ရဲတပ်ဖွဲ့ဟာ အင်အားများပြားတဲ့ သေနတ်သမားများနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။ ဒါပေမယ့်သူတို့ရဲ့ လေ့ကျင့်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတို့ကြောင့် သေနတ်သမားများကို အသာရခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင်တွေလည်း အခြေအနေကောင်းပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့မှ ကတ်စ်တန်နီဒါက သတင်းထောက်များကို ပြောခဲ့သည်။

ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာမှ ယာဉ်လေးစီး၊ ပြောင်းရှည်သေနတ် ၁၅လက် နှင့် ပြောင်းတိုသေနတ် ၇ လက် တို့ကို သိမ်းဆည်းမိခဲ့ကြောင်း အရာရှိများက ပြောခဲ့သည်။

အရာရှိများ၏ပြောဆိုချက်အရ စီနာလိုအာပြည်နယ်တောင်ပိုင်းတွင် မကြာသေးခင်လများအတွင်း တိုက်ခိုက်မှု အများအပြားဖြစ်ပွားလျက်ရှိနေပြီး အင်အားကြီးမားသော စီနာလိုအာဂိုဏ်းတစ်ခုမှ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရမှုအပြီးတွင် ဂိုဏ်းအားပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းနေကြသောကြောင့် ယခုလိုတိုက်ပွဲလေးများ ဖြစ်ပွားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly