ဟောင်ကောင်အပေါ် တရုတ်၏ အာဏာသက်ရောက်မှုကို ထိပါးနှောက်ယှက်ခြင်းမပြုကြဖို့ သမ္မတ ရှီကျင့်ဖျင် သတိပေး

ဟောင်ကောင်အပေါ် တရုတ်၏ အာဏာသက်ရောက်မှုကို ထိပါးနှောက်ယှက်ခြင်းမပြုကြဖို့ သမ္မတ ရှီကျင့်ဖျင် သတိပေး

ဇူလိုင် ၁ ။                      ။ ဟောင်ကောင်ဟာ ယခင်ကထက်စာရင် ပိုပြီးလွတ်လပ်လာခဲ့ပြီ ဆိုပေမယ့်လည်း ယင်းဒေသအပေါ် သက်ရောက်နေတဲ့ ပေကျင်းအစိုးရရဲ့ သြဇာအာဏာအပေါ် လာရောက်စိန်ခေါ်ခြင်းမရှိဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးပြောဆိုလိုက်ပါတယ်။

အဆိုပါ မြို့ကိုတော့ ဗြိတိန်လက်ကနေ တရုတ်လက်အောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့တာ အနှစ် ၂၀ ပြည့်မြောက်တဲ့အခါသမယကို ရောက်လာခဲ့ပြီဖြစ်ပြီး တရုတ်သမ္မတလည်း အချိန်ကိုက်ဆိုသလို   ဟောင်ကောင်မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံထားရတဲ့ ကာရီလမ် တရားဝင်ကျမ်းကျိန်တဲ့ အခမ်းအနားမှာပဲ တရုတ်သမ္မတ ရှီက အထက်ပါအတိုင်း သတိပေးပြောဆိုမှုတွေ   ပြုလုပ်သွားတာဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကျင်းပနေတဲ့ နေရာနဲ့ မနီးမဝေးမှာပဲ ပေကျင်းအစိုးရကို ထောက်ခံသူနဲ့ ကန့်ကွက်သူတွေအကြား အပြန်အလှန်ထိပ်တိုက်တွေ့မှုတွေ ရှိနေခဲ့ပါတယ်။

ယခု ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ကာရီလမ်ကိုတော့ တရုတ်လိုလားတဲ့ ကော်မတီတစ်ရပ်က ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပြီး အတိုက်အခံတွေဘက်ကတော့ သူမကို တရုတ်အစိုးရရဲ့ လက်ကိုင်တုတ်အဖြစ် ရှုမြင်နေလျက်ရှိပါတယ်။

အလားတူ လူဦးရေ ရှစ်သန်းနီးပါးရှိတဲ့ ယင်းဒေသရဲ့ လွတ်လပ်ခွင့်တွေအပေါ် ပေကျင်းအစိုးရက တိုးမြှင့်ချုပ်ကိုင်လာမှုနဲ့ပတ်သက်လို့လည်း ဆန့်ကျင်ကန့်ကွက်မှုတွေ ထွက်ပေါ်ထားလျက်ရှိပါတယ်။

တရုတ်ရဲ့ ကွန်မြူနစ်ပါတီ အစိုးရရဲ့ အချုပ်အချာအာဏာကို ထိပါးခြိမ်းခြောက်လာသမျှအားလုံးကို ခွင့်လွှတ်သွားမှာမဟုတ်ကြောင်း တရုတ်သမ္မတ ရှီက သတိပေးပြောကြားသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags