ပါကစ္စတန် ဆီတင်ကား တိမ်းမှောက်မီးလောင်မှုဖြစ်စဉ် သေဆုံးသူဦးရေ ၁၉၀ ထိ မြင့်တက်လာ

ပါကစ္စတန် ဆီတင်ကား တိမ်းမှောက်မီးလောင်မှုဖြစ်စဉ် သေဆုံးသူဦးရေ ၁၉၀ ထိ မြင့်တက်လာ

ဇူလိုင် ၁ ။            ။ ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လောင်စာဆီတင်ကား တိမ်းမှောက်မီးလောင်မှု ဖြစ်စဉ်ကြောင့် ယခုအခါ သေဆုံးသူဦးရေ ၁၉၀ ထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အစိုးရနှင့် ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

လောင်စာဆီ လီတာ ၄၀,၀၀၀ ကျော် သယ်ဆောင်လာတဲ့ အဆိုပါ ဆီတင်ကားဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်အစောပိုင်းက ကရာချိမြို့နဲ့ လာဟိုးမြို့တို့ ဆက်သွယ်ထားတဲ အဝေးပြေးလမ်းမကြီးတစ်ခုမှာ တိမ်းမှောက်ခဲ့ပြီး မီးလောင်ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

ယင်း ဆီတင်ကား တိမ်းမှောက်ခဲ့စဉ် အနီးအနားကျေးရွာတစ်ခုက ရွာသားတွေ ကားဆီက လောင်စာဆီတွေကို အလုအယက် အပြေးအလွှားလာယူကြချိန်မှာ မီးလောင်ပေါက်ကွဲသွားခဲ့တာကြောင့် ယခုလို သေဆုံးသူဦးရေအဆမတန် များပြားသွားခဲ့ရတာဖြစ်ပါတယ်။

ကားမှောက်ပြီးနောက် အနီးအနားကို မကပ်ကြဖို့ ရွာသားတွေကို ဒရိုင်ဘာနဲ့ အမြန်လမ်းရဲအရာရှိတစ်ဦးတို့က သတိပေးခဲ့ပေမယ့် လောဘတက်နေခဲ့တဲ့ ရွာသားတွေက မလိုက်နာခဲ့တာကြောင့် ယခုလို အမြောက်အမြား သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

" ဆီတင်ကား ပေါက်ကွဲမှုကြောင့် သေဆံးသူဦးရေဟာ ၁၉၀ ထိ ရှိခဲ့ပါပြီ" လို့ ဘာဟာဝယ်ပူအာ ဗစ်တိုးရီးယား ဆေးရုံက တာဝန်ရှိသူ တာဟီရာ ပါဗင်းန်က ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပါကစ္စတန် အစိုးရက စုံစမ်းရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးခိုင်းထားတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly