မြောက်ကိုရီးယားအပေါ် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီလို့ ဒေါ်နယ်ထရမ့် ပြောဆို

မြောက်ကိုရီးယားအပေါ် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီလို့ ဒေါ်နယ်ထရမ့် ပြောဆို

ဇူလိုင် ၁ ။            ။ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားက နျူကလီးယားကြိုးပမ်းမှုတွေကိုပဲ ဆက်လုပ်ချင်နေတဲ့ မြောက်ကိုရီးယားတို့အပေါ် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မဟာမိတ် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်သစ် မွန်ဂျေအင်းကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ် အခိုက်အတန့်မှာ ဒေါ်နယ်ထရမ့်က အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရန်လိုနေတဲ့ ပြုံယမ်းအာဏာပိုင်တွေရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုအစီအစဉ်တွေ ရပ်တန့်သွားစေဖို့အတွက်ဆိုရင် ၎င်းတို့နဲ့ ပိုပြီး ညှိနှိုင်းစေ့စပ်သွားရမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတက တိုက်တွန်းပြောကြားခဲ့ပေမယ့်လည်း ထရမ့်ကတော့ သူ့အနေနဲ့ ကင်မ်ဂျုံအန်းအစိုးရနဲ့ ဒစ်ပလိုမေစီနည်းလမ်းကနေ ဆွေးနွေးသွားဖို့တော့ စိတ်ကူးမရှိတော့ပါဘူးလို့ ပြောဆိုသွားပါတယ်။

ယခု တွေ့ဆုံဆွေးနွေးမှုအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအနေနဲ့ ယခုနှစ်ထဲမှာ ဆိုးလ်ကို ဒေါ်နယ်ထရမ့် အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်နိုင်ခဲ့ပေမယ့်လည်း တစ်ဘက်မှာလည်း မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လိုမျိုး အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားကြမလဲဆိုတာနဲ့ပတ်သက်လို့ တိတိကျကျ ဆွေးနွေးအဖြေထုတ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

" ဒီကနေ့အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ကသန်းကရန်း အစိုးရရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်၊ သူတို့လုပ်နေတဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးအစီအစဉ်တွေနဲ့ပတ်သက်လို့ ခုဆိုရင် သေချာတဲ့ တုန့်ပြန်မှုတစ်ခု လုပ်ဖို့လိုနေပါပြီ" လို့ ထရမ့်က ပြောသွားပါတယ်။

" မြောက်ကိုရီးယားအစိုးရက ခုဆိုရင် သူ့ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အလေးမထားတော့ဘူး၊ သူ့အိမ်နီးချင်းတွေအတွက်ရောပေါ့၊ လူသားဘဝတွေအပေါ် လေးစားမှုကို မရှိတော့ပါဘူး"လို့ ထရမ့်က ပြောသွားပါတယ်။

လက်ရှိအချိန်တွင်လည်း ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့ ပြုံယမ်းအစိုးရကြောင့် အမေရိကန် အစိုးရကို အမျက်ဒေါသထွက်စေလျက်ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly