ငြိမ်းချမ်းရေးဂီတပွဲတော်တွင် အတီးပညာရှင်များ ဒိုင်အဖြစ်မပါဝင်ခဲ့ခြင်းအပေါ် ရှင်းလင်း

ငြိမ်းချမ်းရေးဂီတပွဲတော်တွင် အတီးပညာရှင်များ ဒိုင်အဖြစ်မပါဝင်ခဲ့ခြင်းအပေါ် ရှင်းလင်း

ရန်ကုန်၊ဇွန် ၃၀ ။            ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးဆောင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဂီတပွဲတော်တွင် ဒိုင်အဖွဲ့အတွင်း အတီးပညာရှင်များမပါဝင်ခဲ့ခြင်းအတွက် အတီးပညာရှင်များစုစည်းကာ ယနေ့ ဇွန်၃၀တွင် ရန်ကုန်မြို့ ဂီတအစည်းအရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါပွဲတော်တွင် အဆိုတော်များ၏ဖျော်ဖြေမှုများအပြင် အဆိုပြိုင်ပွဲတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

အတီးသမားများ ပါဝင်ခြင်း၊ မပါဝင်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေးသုံးကြိမ်မြောက်တွင် စဆွေးနွေးဖြစ်ကြောင်း ဂီတအစည်းအရုံး တွဲဘက်အတွင်းရေးမှူး ဦးအောင်နိုင်ဆန်းက  ပြောသည်။

"နိုင်ဇော်ကတော့ သူကိုယ်တိုင်လည်း တတ်တယ်။ တတ်တဲ့ဟာကို စက္ကန့်၃၀၊ ၄၀အတွင်းမှာ ပေးနိုင်တယ် ဒိုင်ရဲ့သဘောက အားနာဖို့မလိုဘူးလေ။ အားမနာတတ်မှ ဒိုင်ဖြစ်တာ သူကအားလည်းမနာဘူး။ ပြောလည်းပြောတတ်တယ် ။ စာရေးဆရာဆိုတော့စကားလုံးလည်းကြွယ်ဝတယ်။ သူ့တစ်ယောက်ကို ခေါ်ပါလားလို့ ပြောမိတယ်" ဟု ပြောသည်။

သို့သော်လည်း ၎င်းသီချင်းဆိုပြိုင်ပွဲအတွက် ဒိုင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ရာမှာ အတီးပညာရှင်များမပါဝင်ဘဲ မြန်မာ့အသံမှ ဦးတိုးကျော်၊ တေးရေးမြင့်မိုးအောင်၊ တေးသံရှင်နွဲ့ယဉ်ဝင်း၊   တေးရေးမင်းချစ်သူ၊ တေးရေးနောင်နောင်(ဆန်းဖလားဝါး)၊ ယဉ်ကျေးမှုဌာနမှ ပါမောက္ခဦးမောင်မောင်လတ် တို့ကို ရွေးချယ်ခဲ့သည်။

"ကိုအောင်နိုင်ဆန်းက ခုနကပြောပြတယ် ။ ကိုမြင့်မိုးက ဟာ မဟုတ်ဘူး။ သူတို့က Notes ပဲ တတ်တာ သီချင်းတွေကို တည်းဖြတ်တာကြေတော့ Expression တွေနဲ့ ခံစားမှုတွေကို ကျွန်တော်တို့က အကဲဖြတ်မှာဖြစ်လို့မလိုပါဘူးလို့ ကိုမြင့်မိုးကပြန်ပြောခဲ့တယ် ။ အတီးသမား မထည့်သွင်းဖို့ကို ပယ်ချခဲ့တယ်"ဟု Heaven Born တီးဝိုင်းမှ ဂီတာတီးခတ်သူ ကိုတိုးတိုးနိုင်က မြန်မာပရိုအဖွဲ့တွင်ပါဝင်သော သူတစ်ဦး၏ ပြောကြားချက်ကို ပြန်ပြောပြသည်။

ဂီတအစည်းရုံးဥက္ကဋ္ဌ ဒိုင်ရွေးချယ်ရေးအဖွဲ့ဝင် ဦးတင်ဦးလေးက ဇွန်လ ၂၅ရက်နေ့၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း ပြုလုပ်သည့် ငြိမ်းချမ်းရေးဂီတပွဲတော်သတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော်တို့ ဒိုင်ရွေးချယ်တဲ့နေရာမှာ တစ်ဦးကောင်းတစ်ယောက်ကောင်းအနေဖြင့် ရွေးချယ်တာမဟုတ်ပဲနဲ့ အဖွဲ့ဝင်တွေအားလုံးညှိညှိနိူင်းနိူင်းနှင့် နယ်သွားမယ်ဆိုလည်းလိုက်နိုင်မယ့်ပုဂ္ဂိုလ်ကို ဦးစားပေးပြီးရွေးချယ်ပါတယ် ။ အဓိကကတော့ပြည်နယ်တွေမှာရှိတဲ့ နာမည်ကျော်ကြားခဲ့သော တေးသံရှင်များကို အဓိကအကူအညီတောင်းပါတယ်"ဟု မီဒီယာများကို ပြောကြားခဲ့ဖူးသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်သည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်ပွဲတော်ဖြစ်သလို အတီးပညာရှင်တစ်ဦး ဒိုင်အဖြစ်ပါဝင်လာခဲ့လျှင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

"အတီးပညာရှင်တွေပါလာလို့ရှိရင် ဂီတနုတ်ဆိုတဲ့သဘောတရားကို အတီးပညာရှင်တွေက ထည့်ပြောတော့ မယ် ။ ကော့ဒ်ဆိုတာ ထည့်ပြောတော့မယ် ။ ဂီတသမားဆို ဂီတာကော့ဒ်ပေါ့ ။ ကီးဘုတ်ဆို ကီးဘုတ်မှာ ကော့ဒ်ရှိတယ် ။ ဘေ့စ်ဆို ဘေ့စ်မှာ နုတ်ရှိတယ် ။ နားထောင်လို့ကောင်းအောင် ထည့်ပြောသွားတဲ့ အခါကျရင် သမီးက ဒီနုတ်ဆိုတဲ့အချိန်မှာ ဘာနုတ်ဖြစ်နေတယ်။ အဲ့ကော့ဒ်ထဲလည်း မဝင်ဘူး။ နုတ်ကို လေ့လာရမယ်ဆိုတာကလေးတွေ သိလာမယ် ။ နောက်ဆိုကလေးတွေက ငါတို့ နုတ်ကိုလေ့လာပြီးမှ ပြိုင်ပွဲဝင်ရမှာပါလားဆိုတာ သိလာမယ် ။ ကလေးတွေတိုးတက်မှုကကမ္ဘာ့အဆင့်အတန်း မီလာမယ်"ဟု Heaven Born တီးဝိုင်းမှ ဂီတာတီးခတ်သူ ကိုတိုးတိုးနိုင်က ဆိုသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့မှစ၍ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ စစ်တွေ၊ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးစသော မြို့ကြီး(၁၀)မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပွဲစဉ် (၁၇)ပွဲပါဝင်ပြီး တစ်ပတ်လျှင် တစ်မြို့နူန်းဖြင့် အပတ်စဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆိုသည်။

အဆိုပါပြိုင်ပွဲအတွက် ပထမဆု သိန်း (၃၀၀) ဒုတိယဆု သိန်း (၂၀၀) တတိယဆု သိန်း (၁၀၀)နှင့် နှစ်သိမ့်ဆု သိန်း(၃၀) ခုနှစ်ဆုတို့အပါအဝင် စုစုပေါင်း (၁၀)ဆု ပါဝင်မည်ဖြစ်သည်။ အဆိုပါ ငြိမ်းချမ်းရေးဂီတပွဲတော်အတွက် ပရိုဂရမ်ပရိုဂျုုဆာကော်မတီ၊ အကဲဖြတ်ဒိုင်များကော်မတီ၊ ပြိုင်ပွဲရိုက်ကူးတည်းဖြတ်ထုတ်လုပ်ရေးကော်မတီ၊ တေးသီချင်းပရိုဂျုဆာကော်မတီ ဆိုပြီးကော်မတီလေးရပ် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly