သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုပြုလုပ်

သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုပြုလုပ်

ရန်ကုန်  ဇွန်   ၃၀ ။             ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် သတင်းသမားများအပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့က ဦးဆောင်ကာ သတင်းမီဒီယာများစုစည်း ပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လတ်ရှိအနေအထားတွင် မီဒီယာဖိနှိပ်မှုများကြုံတွေ့နေရပြီး သတင်းသမားများအနေနှင့် မျှတမှုမရှိသောဥပဒေ များဖြင့်အဖမ်းဆီးခံနေရသည်ကို ပြည်သူများသိရှိစေရန်နှင့်နိုင်ငံတကာမှလည်းသိရှိစေရန် ယင်းလှုပ်ရှားမှုကို ပြု လုပ်ခြင်းဖြစ်သည်ဟု မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောသည်။

"လိုအပ်တဲ့ဥပဒေတွေကျတော့ သူတို့က လိုသလိုသုံးတယ်။ ကျန်တဲ့ဥပဒေကြ ဂရုမစိုက်ဘူးပေါ့။ အဲဒီတော့ သုံးချင်တဲ့ဥပဒေကျတော့ သူသုံးတယ်။ မသုံးချင်တဲ့ဥပဒေကျတော့ မသိကျိုးကျွံယောင်ဆောင်တယ်။ အဲဒီ လိုတော့ လုပ်လို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ လက်ရှိအနေအထားအရ ကျွန်တော်တို့မီဒီယာက အခြေအနေ တော်တော်ဆိုးလာတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်လှုပ်ရှားသွား ဦးမယ်" ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

ထို့ပြင် သတင်းမီဒီယာအားလုံးသည်  တစ်သားတည်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

"The Voice မှ လုပ်တယ်တို့၊အလဲဗင်းကြမှ လုပ်တယ်ဆိုတဲ့အမြင်တွေကို ရှင်းမပြချင်တော့ဘူး။ မီဒီယာအား လုံးသည် တသတ်မတ်တည်းရှိတယ်။ မီဒီယာအားလုံးသည် တစ်သားတည်းရှိတယ်။ မီဒီယာအားလုံးသည် တစ်နေရာတည်းမှာရှိတယ်ဆိုတာတော့ သိစေချင်တယ်။ အလဲဗင်းရယ်၊ The Voice ရယ် မခွဲဘူး။ အလဲဗင်း လည်း ကျွန်တော်တို့ မီဒီယာပဲ" ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

တပ်မတော်က မတရားအသင်းနှင့်ဆက်သွယ်သည်ဆို၍ သတင်းသမား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ဥပဒေထက် လွန်ကျူးနေသည်ဟု လူ့အခွင်ပအရေးကိစ္စရပ်များ   ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ် သည့် ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

"ဒီလိုအကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုကတော့ ဒါက လိုအပ်သလိုထိန်းသိမ်းရမှာပဲ။ ဒါပေမယ့် ဆက်သွယ်မှုနဲ့ ပူးပေါင်းပါဝင်မှု ဒါကို အဓိပ္ပါယ်ခွဲရမယ်။ ဒီလိုမဟုတ်ဘဲ သွားတွေ့ရုံနဲ့ သတင်းယူရုံနဲ့ ဒီလို ဆောင်ရွက်တာကတော့ ပြဌန်းထားတဲ့ဥပဒေထက် နည်းနည်းလေး လွန်ကျူးသွားပြီလို့ ကျွန်တော်ယူဆတယ်" ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရရှိထားသည့်လက်မှတ်များကို သက်ဆိုင်ရာပူးပေါင်းလှုပ်ရှားမှု အဖွဲ့တစ်ခုခုကို လွှဲပေးသွားမည်ဖြစ်ကာ ကော်မတီအနေနှင့် အခြားလှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဟု သိ ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly