ဟောင်ကောင်၏ လွတ်လပ်မှုကို လေးစားဖို့ အမေရိကန်က တရုတ်ကို သတိပေး

ဟောင်ကောင်၏ လွတ်လပ်မှုကို လေးစားဖို့ အမေရိကန်က တရုတ်ကို သတိပေး

ဇွန် ၃၀ ။                 ။ ဟောင်ကောင်ဒေသ၏ ပြည်သူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာပေးရန် အမေရိကန်က တရုတ်ကို တိုက်တွန်းလိုက်သည်။

လက်ရှိကာလတွင် အဆိုပါကျွန်းဒေသကို ဗြိတိန်တို့က တရုတ်လက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အနှစ် ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တရုတ်တို့အနေဖြင့် ယင်းကျွန်းဒေသ၏ လွတ်လပ်မှုအပေါ် လေးစားရန်လိုကြောင်း အမေရိကန်က သတိပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်၏ လက်ရှိအောင်မြင်မှုများမှာလည်း ယင်း၏ ထူးခြားသည့် ရပ်တည်မှုကြောင့်ပင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

"အမေရိကန်ဘက်ကတော့ ဒီဟောင်ကောင်ရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေကို တန်ဖိုးထားပါတယ်၊ ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေချိန်မြင့်မားခြင်းရဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်၊ ဒီဒေသရဲ့ စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် လေးစားလိုက်နာမှုတို့ကနေ ရရှိလာတဲ့ အသီးအပွင့်တွေဖြစ်ပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာ နော်အာ့တ်က ပြောသွားသည်။

ယခုအခါ ဝါရှင်တန်ဘက်က ဟောင်ကောင်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအပေါ် တန်ဖိုးထားနေလျက်ရှိပေမယ့်လည်း တစ်ချိန်တည်းမှာလည်း ယင်းဒေသ၏ ပြည်သူ့ရပိုင်ခွင့် အခွင့်အရေးများ ထိပါးခံရမှာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် စွက်ဖက်နှောက်ယှက်ခံရမည့်အပေါ် များစွာ စိုးရိမ်နေမိသည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်ကာလများက တရုတ်အစိုးရအပေါ် ဝေဖန်သည့်အကြောင်းအရာများ ဖော်ပြခဲ့သော ဟောင်ကောင် ထုတ်ဝေသူ ငါးဦး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည့်   ဖြစ်စဉ်များက   ပေကျင်းအစိုးရဘက်က ယင်းမြို့၏ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်ထိပါးနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ရသည်။

အလားတူ ယမန်နှစ်ကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအနိုင်ရလာသူ ဟောင်ကောင် ဥပဒေပြုအမတ်နှစ်ဦးကို အရည်အချင်းမပြည့်မီကြောင်း အထက်တရားရုံးက ပယ်ဖျက်ခဲ့သည့်   ဖြစ်စဉ်ကြောင့်လည်း ယင်းဒေသ၏ လွတ်လပ်ခွင့်အပေါ် ပိုမိုစိုးရိမ်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်မှစ၍ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း သမိုင်းဝင် ခရီးအဖြစ် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ချိန်တွင် ယခုကဲ့သို့ အမေရိကန်ဘက်က ထုတ်ဖော်သတိပေးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags