သီရိလင်္ကာတွင် လိင်စော်ကားမှုများ အဖြစ်များ၍ အမျိုးသမီးများ တုတ်တုတ်ဆိုင်ကယ် မစီးကြရန် အမေရိကန်သံရုံး သတိပေး

သီရိလင်္ကာတွင် လိင်စော်ကားမှုများ အဖြစ်များ၍ အမျိုးသမီးများ တုတ်တုတ်ဆိုင်ကယ် မစီးကြရန် အမေရိကန်သံရုံး သတိပေး

ကိုလံဘို၊ ဇွန် ၂၉ ။           ။ သီရိလင်္ကာနိုင်ငံတွင် တုတ်တုတ်ဆိုင်ကယ် စီးရာမှ လိင်စော်ကားပြုကျင့်မှုများ ကျုးလွန်ခံရခြင်း တိုင်ကြားချက်များ မြင့်မားလျက်ရှိ၍ အမျိုးသမီးများအနေဖြင့် တုတ်တုတ်စီး သွားလာခြင်းကို ရှောင်ကြဉ်ကြရန် ကိုလံဘိုမြို့ရှိ အမေရိကန်သံရုံးက အလည်အပတ်ရောက်နေသော ၎င်းနိုင်ငံသားများအား သတိပေးချက် ထုတ်ထားသည်။

သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြသော ထုတ်ပြန်ချက်မှာ သီရိလင်္ကာနိုင်ငံအတွင်း ကျယ်ပြန့်စွာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော သုံးဘီးတပ်ဆိုင်ကယ် တုတ်တုတ်ယာဉ်များအား အမျိုးသမီးများအနေဖြင့် ငှားရမ်းစီးနင်းမှုကို ရှောင်ကြဉ်ကြစေလိုကြောင်း သံရုံးက အကြံပြုထားသည်။

"ကိုလံဘိုမြို့ ဧရိယာအတွင်းမှာ တုတ်တုတ်ယာဉ်မောင်းတွေက ငှားစီးတဲ့ခရီးသည် အမျိုးသမီးတွေကို ထိကပါး ရိကပါး ကျုးလွန်စော်ကားတဲ့ ဖြစ်ရပ်တွေ များပြားလာတာ သံရုံးက သိထားကြားထားရပါတယ်။"ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

"အမျိုးသမီးတွေအနေနဲ့ ကိုလံဘိုမြို့တွင်း တုတ်တုတ်တွေကို တစ်ယောက်တည်း ငှားရမ်း မစီးနင်းသင့်ပါ။"ဟု ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

လိင်စော်ကားခံရမှု တိုင်ကြားချက်အများစုတွင် တုတ်တုတ်ငှားစီးပြီး ဆင်းခါနီးအချိန်များတွင် ကျုးလွန်စော်ကားခံရခြင်းဖြစ်သည်ဟု သံရုံးက ဆိုသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို အားကိုးမရခြင်း၊ ဘတ်စ်ကားများ လူကြပ်ခြင်းတို့ကြောင့် သီရိလင်္ကာနိုင်ငံတွင် တက္ကစီအဖြစ် အများဆုံးအသုံးပြုနေသည့် တုတ်တုတ်စီးရေသည် ၁ ဒဿမ ၂ သန်းနီးပါး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly