အမှိုက်ပစ်သူတွေက ကြာရင် ကိုယ့်ကိုကိုယ်ရှက်လာလိမ့်မယ်ဆိုတဲ့ အေးမြတ်သူ

အမှိုက်ပစ်သူတွေက ကြာရင် ကိုယ့်ကိုကိုယ်ရှက်လာလိမ့်မယ်ဆိုတဲ့ အေးမြတ်သူ

ဇွန် ၂၉ ။           ။ နောက်ဖေးလမ်းကြားတွင် အမှိုက်ပစ်တဲ့သူတွေက ကြာရင် ကိုယ့်ကိုကိုယ် ရှက်လာလိမ့်မယ်လို့ အေးမြတ်သူက ဒီကနေ့မှာ ပြုလုပ်တဲ့ နောက်ဖေးလမ်းကြား ဥယျာဉ်ပန်းချီပွဲမှာ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၂လမ်း အလယ်ဘလောက်ရှိ နောက်ဖေးလမ်းကြားဥယျာဉ်တွင် ကလေးငယ်များက  သရုပ်ဖော်ပန်းချီပုံများ ရေးဆွဲခဲ့ပြီး သရုပ်ဆောင် အေးမြတ်သူနှင့် ညီထွဋ်ခေါင်တို့ လာရောက်ပန်းချီဆွဲခဲ့စဉ်မှာ ပြောခဲ့တာပါ။

"တဖြည်းဖြည်းနဲ့တော့ သူတို့တွေ ပြုပြင်ပြောင်းလည်း လာမယ်လို့ ထင်တယ်။ ကိုယ်တွေက လိုက်ပြောနေတာထက်စာရင် သူတို့ရဲ့အသိစိတ်မှာတင် ကိုယ့်ကိုကိုယ် ရှက်တဲ့စိတ်က ပိုပြီးတော့ ပြုပြင်နိုင်တယ်ဆိုတော့ သူတို့တွေ တဖြည်းဖြည်းချင်းနဲ့ ကြည့်ရင်းကြည့်ရင်းနဲ့သူတို့ကိုယ် သူတို့ ရှက်လာလိမ့်မယ်လို့ ခံစားရတယ်။ ကိုယ်တွေက တတပ်တအားနဲ့ ပါပြီးတော့ ဒါလေးတွေကို သူတို့ကို အပြစ်တင်နေမယ့်အစား ကိုယ်တွေလုပ်မယ့်အရာကို အကောင်းဆုံး လုပ်ရင်းလုပ်ရင်းနဲ့သူတို့သည် သူတို့ဟာသူ ပြင်ဆင်သွားမယ်လို့ ယူဆတယ်ရှင့်။ "

"အမှိုက်မပစ်ရဖူးလို့ ပြောမယ့်အစား ကိုယ်ကိုတိုင် အမှိုက်မပစ်ဘဲ နေလိုက်မယ်။ အဲ့လိုနေတဲ့အခါကျရင် အကုန်လုံးက ပို ပိုကောင်းလာပြီး ကိုယ့်အလုပ်ကို ကောင်းအောင်လုပ်လုပ်လာရင်းနဲ့ တခြားသူက ဒါကိုမြင်လာတဲ့အခါ သူကိုယ်တိုင်က လိုက်ပြီးလုပ်လာလိမ့်မယ်။ ပြုပြင်လာလိမ့်မယ်လို့ မျှော်လင့်တယ်ရှင့်" လို့ သရုပ်ဆောင်အေးမြတ်သူက ပြောပါတယ်။

ရန်ကုန်မြို့၊ နောက်ဖေးလမ်းကြား အမှိုက်ကင်းစင်ရေး၊ အမှိုက်မပစ်စေရေးအတွက် ဒို့အိမ်အဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားမြို့နယ်များတွင် ရှိသည့် နောက်ဖေးလမ်းကြားများတွင် ကလေးကစားစရာ၊ ပန်းချီဆွဲခြင်းများ၊ ပန်းဥယျာဉ်ကစားကွင်းများ ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်။

ဒို့အိမ်အဖွဲ့စည်ပင်နှင့် ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းပြီး အလှဆင်ခဲ့သည့်  ၃၉လမ်း၊၂ရလမ်း နောက်ဖေးလမ်းကြားတွေကို အလှဆင်ခဲ့တာဖြစ်ပြီး အမှိုက်ပြန်လည်ပစ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ ကလေးတွေကို ပါဝင်ဆောင်ရွက်စေချင်သည့်အတွက် နောက်ဖေးလမ်းကြား တွေမှာ ပန်းချီဆွဲဖြစ်တာပါလို့  မစိုးပပမြင့်( Art teacher ) ကလည်း ပြောပါတယ်။

"ကလေးတွေကို Team Work လုပ်တတ်စေချင်တာက တစ်ကြောင်းပြီးတော့ နိုင်ငံအကျိုးပြုလုပ်ငန်းမှာ တစ်ကဏ္ဍအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်တယ်။ နောက်မျိုးဆက်သစ်ကလေးတွေကို ပေ့ါနော်။ နောက် ဒီအမှိုက်မပစ်ရေး၊ အမှိုက်ပစ်ထားတဲ့နေရာကို ဘယ်လိုသန့်ရှင်းအောင်လုပ်ပြီး ဘယ်လိုအကျိုးရှိစွာ အသုံးချမယ်ဆိုတာကိုလည်း ကလေးတွေကိုသိစေချင်တယ်ပေ့ါနော်။ အဲ့ဒါကြောင့်ပါဝင်ဆောင်ရွက်ဖြစ်တာပါ" လို့ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ မစိုးပပက ပြောပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly