တရုတ်သမ္မတ ရှီကျင့်ဖျင် ဟောင်ကောင်သို့ သမိုင်းဝင်ခရီး ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင် ဟောင်ကောင်သို့ သမိုင်းဝင်ခရီး ရောက်ရှိ

ဇွန် ၂၉ ။         ။ ဟောင်ကောင်ကို ဗြိတိန်မှ တရုတ်လက်အောက်သို့ ပြန်လည်လွှဲအပ်ခဲ့တဲ့ အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ကာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ဇွန်လ ၂၉ ရက်က ဟောင်ကောင်ကို   ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

လက်ရှိကာလမှာ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ရဲ့ လွတ်လပ်မှုအပေါ် ပေကျင်းအစိုးရက ထိပါးခြိမ်းခြောက်လာနေမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေတဲ့အချိန်မှာ  တရုတ်သမ္မတက သုံးရက်တာအလည်အပတ်ခရီးစဉ် ရောက်လာခြင်းဖြစ်ပါတယ်။

ယခုလို သမိုင်းဝင်ခရီးစဉ်အဖြစ် တရုတ်သမ္မတရှီ ရောက်ရှိလာခဲ့ချိန်မှာတော့ နိုင်ငံရေးအရ ကွဲလွဲမှုတွေရှိနေတဲ့ဟောင်ကောင်မှာတော့ ဆန္ဒုပြပွဲနဲ့အတူ ထင်ရှားတဲ့ ဦးဆောင်ဒီမိုကရေစီအရေး လှုပ်ရှားသူတွေလည်း ဖမ်းဆီးခံထားရတာကို တွေ့ရပါတယ်။

ထင်ရှားတဲ့ ဟောင်ကောင် ဒီမိုကရေစီ အရေးလှုပ်ရှားသူ ဂျိုဆွာ ဝေါင်နဲ့ နသန်လော တို့နှစ်ဦးဟာလည်း အများပြည်သူကို အနှောက်အယှက်ဖြစ်စေမှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ဖမ်းဆီးခံထားကြ ရပါတယ်။  

တစ်ချိန်တည်းမှာပဲ အခြားသော တက်ကြွလှုပ်ရှားသူ အယောက် ၂၀ ကျော်လည်း ထိန်းသိမ်းခံထားရလျက်ရှိပါတယ်။ ၎င်းတက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းထားတဲ့ ရဲစခန်းတွေရှေ့မှာတော့   ထောက်ခံသူတွေက စုရုံးဆန္ဒပြလျက်ရှိပါတယ်။

" သူတို့တွေက ဂျိုဆွာဝေါင်နဲ့ နသန်လောတို့ကို လမ်းမတွေပေါ်မှာ မရှိစေချင်ကြဘူးလေ၊ သက်သက်မဲ့ တားထားတာပါ" လို့ အခြားသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒါရက်လမ်က ပြောသွားပါတယ်။

ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပေကျင်းအစိုးရအပေါ် မုန်းတီးမှု ပိုမိုကြီးထွားလာခဲ့ပြီးအထူးသဖြင့် လူငယ်တွေကြားမှာ ပိုမိုပြန့်နှံ့နေလျက်ရှိပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly