ဦးဝီရသူဆောင်ရွက်ချက် ဓမ္မနှင့် အဓမ္မ ခွဲခြားပေးရန် လက်မှတ် ၂၇၀၀ ကျော်ဖြင့် တောင်းဆိုထား

ဦးဝီရသူဆောင်ရွက်ချက် ဓမ္မနှင့် အဓမ္မ ခွဲခြားပေးရန် လက်မှတ် ၂၇၀၀ ကျော်ဖြင့် တောင်းဆိုထား

ရန်ကုန်  ဇွန်  ၂၉ ။          ။ ဆရာတော်ဦးဝီရသူ၏ ပြုမူဆောင်ရွက်ချက်များအား ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် တောင်းဆိုလက်မှတ် ၂၇၀၀ ကျော်ဖြင့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံ   ပေးပို့လျှောက်ထားခဲ့သည်ဟု ယနေ့ ဇွန်လ ၂၉ ရက်တွင် အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ နေ့လည်ပိုင်း၌ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ဟူသော အဖွဲ့အစည်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့  လက်မှတ်ပေးပို့လျှောက်ထားရာတွင်  ရဟန်းတစ်ပါးကို တိုင်ကြားပါက သက်ဆိုင်ရာစာလွှာ(စောဒနာ) ဖြင့် တိုင်ကြားမှသာ တရားဝင်ဖြစ်မည်ဖြစ်ပြီး တိုင်ကြားမှုတွင် အနည်းဆုံးရဟန်းတစ်ပါး ပါဝင်ရမည်ဟု မဟနမှ ပြန်လည်မိန့်ကြားထားသည်ဟု သိရသည်။

"လက်မှတ်နည်းခြင်း၊ များခြင်းဟာ ဓမ္မနှင့်အဓမ္မ မဆုံးဖြတ်နိုင်ဘူး။ လက်မှတ် ၁ သိန်းရလည်း ဆုံးဖြတ်ပေးလို့ မရဘူး။ အချက်အလက်အထောက်အထားတွေရမှ ဓမ္မနှင့်အဓမ္မ ခွဲခြားဖို့ ပြည့်စုံမယ်။ အချက်အလက်တွေ လိုအပ်တယ်ဆိုတဲ့အချက်ကို မဟနမှ ညွှန်မှူးဦးထွန်းညွန့်က ပြောပါတယ် ” ဟု အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြောသည်။

ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် စုပေါင်းလက်မှတ်ထိုး၍ပေးပို့ခြင်းသည် ဒုတိယအကြိမ်ပေးပို့ခြင်း ဖြစ်ပြီး ပထမ အကြိမ်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လက်မှတ်ပေါင်း ၅၀၀ ကျော် ပေးပို့လျှောက်ထားစဉ်က တုံ့ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယခု ပေးပို့ရာတွင် လက်မှတ် ၂၇၀၀ ကျော်ရရှိခဲ့ပြီး  ရန်ကုန်တိုင်း အတွင်း မြို့နယ် ၃ ခုမှ ကောက်ခံရရှိခဲ့တာဖြစ်ကာ ဇွန်လ ၂၆ ရက်နေ့တွင်   နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံသို့ ပေးပို့တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုလက်မှတ်ပေးပို့လျှောက်ထားမှုသည် ဆရာတော် ဦးဝီရသူအား တိုက်ခိုက်ခြင်းမဟုတ်ဘဲ အဓမ္မဝါဒကိုသာ ဆန့်ကျင်နေခြင်းဖြစ်ကြောင်း အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြောသည်။

"အစ်ကိုတို့က ပုဂ္ဂိုလ်ကိုတိုက်နေတာ မဟုတ်ဘူး။ မူဝါဒတစ်ခုကိုတိုက်နေတာ ဆန့်ကျင်နေတာဖြစ်တယ်။ ဦးဝီရသူကို တိုက်နေတာမဟုတ်ဘူး။ အဓမ္မဝါဒကို ဆန့်ကျင်နေတာ ဖြစ်တယ်။ အကြမ်းဖက်တယ်၊ အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်၊ လောကငြိမ်းချမ်းခြင်းကို ဖျက်ဆီးတယ်၊ ဆူပူအောင်လှုံ့ဆော်နေတယ်၊ ဒါဆို မည်သည့်ရဟန်း၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို အစ်ကိုတို့က ဆန့်ကျင်တယ် " ဟု ဦးမြတ်ကျော်က ပြောသည်။

လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုပြုလုပ်နေစဉ်အတွင်း  လူမှုကွန်ယက်မှတဆင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများရှိခဲ့ပြီး ဖုန်းနှင့် ဆက်သွယ်ခြိမ်းခြောက်ခြင်းများရှိခဲ့ကြောင်း ဦးမြတ်သူက ဆက်လက်ပြောသည်။

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီမှ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံကို လက်မှတ်တွေ ပေးပို့လျှောက် ထားခဲ့ပြီး သာသနာရေးပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံသို့ အချက် ၇ ချက်ပါ ဝင်တဲ့ တိုင်ကြားစာကို ဗီဒီယိုဖိုင်၊ ဓာတ်ပုံ၊ လူမှုကွန်ယက်ပါ စာသားအချက်အလက်များနှင့်တကွ ထပ်မံပေးပို့ ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly