ငြိမ်းချမ်းရေး စကားသံအတွက် အထောက်အကူ ဖြစ်စေခဲ့သူ ဖွေးယုမွန်

28 June 2017
ငြိမ်းချမ်းရေး စကားသံအတွက် အထောက်အကူ ဖြစ်စေခဲ့သူ ဖွေးယုမွန်

သိတတ်ပြီဆိုတဲ့ အချိန်မှာတုန်းက အဖေဆူတာကို မကြုံဖူးဘူး။ သေချာမသိတော့ဘူးပေါ့နော်။ အဲတော့ ကိုယ်သိတတ်တဲ့အချိန်မှာ ကိုယ့်အဖေကို ထောင်ထဲမှာ သွားတွေ့နေရတာပေါ့နော်။ အဲတော့ အရမ်း ရုန်းကန်ရတယ်ပေါ့။ မိသားစု အသိုင်းအဝိုင်းမှာလည်း ဆွေမျိုးအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ထောင်ကျသမီးပေါ့။ ဘာကြောင့် ထောင်ကျတယ်ဆိုတာ လူတွေက မသိဘူး။ ဒါပေမယ့် ကိုယ်တွေကတော့ အမြဲတမ်း ငယ်ငယ်လေးကတည်းက ဂုဏ်ယူလေ့ရှိပါတယ်။

အသေအချာတော့ မမှတ်မိတော့ဘူး ၇ တန်း ၈ တန်းလောက်ရောက်တော့ အဖေ လွတ်လာမယ်လို့ ထင်တာပေါ့နော်။ မိသားစုမှာက နွေးထွေးမှုဆိုတာ ပြန်ရဖို့က အရမ်းခက်သွားတယ်။ အဖေကလည်း သူ့ဘဝကို ထောင်ထဲမှာ အကြာကြီး ဖြတ်သန်းရခဲ့တဲ့အချိန်မှာ သားသမီးက ဘယ်လိုကြီးလာလဲဆိုတာ မမြင်ရဘူး။ အဲတော့ သားသမီးတွေရဲ့ စိတ်ထားက ဘယ်လိုလဲဆိုတာ သေချာမသိဘူး။ တစ်ပြိုင်နက်တည်းမှာကျတော့လည်း သားသမီးတွေကလည်း အဖေ ဘယ်လိုလိုချင်လဲဆိုတာ သိဖို့ခက်တယ်ပေါ့နော်။ အဒေါ်တွေနဲ့ ပိုရင်းနှီးတော့ ကြားထဲမှာ မိသားစု ပဋိပက္ခတွေက အများကြီးပဲ။ ဒါပေမယ့်လည်း အိမ်မှာက အတူတူပဲ ဖြတ်သန်းကြပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ တက္ကသိုလ်တက်တဲ့ လေးနှစ်လောက်က ဘဝမှာ တော်တော်ကို ခါးတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ စိတ်အရမ်းပင်ပန်းတယ်။ သူများအိမ်မှာ နေရတဲ့အခါဆိုတော့၊ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ခံစားရတယ်ပေါ့နော်။ နောက်တစ်ချက်က လူငယ်တစ်ယောက်အနေနဲ့ ဖြစ်ချင်တာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘဝကြီးက လမ်းပျောက်နေသလိုပဲ။   ထောင်ကျနေတဲ့အတိုင်းပဲ ကိုယ့်မှာ ရှေ့ကို ဘာသွားလုပ်မှာလဲ ဘာဖြစ်နေတာလဲ ဘာမှကို မမြင်ဘူး။ လမ်းပြမယ့်သူလည်းမရှိဘူး။ အဲလိုမျိုး တစ်ခါက စာမေးပွဲသွားဖြေခါနီး နေတဲ့အိမ်မှာ ကတောက်ကဆဖြစ်တယ်။ ဖြစ်တော့ အရမ်းကို လူက မခံနိုင်ဘူး။ မခံနိုင်တော့ မျက်ရည်ကျပြီးတော့ ဘတ်စ်ကားပေါ်မှာ ကားစီးရင်းနဲ့ ကျလာတာ။ တော်ရုံတန်ရုံက မျက်ရည်ကျဖို့ဆိုတာက ခဲယဉ်းတယ်။ အဲတုန်းက စပယ်ယာက တစ်ရှူးလာပေးတယ်။ ဒါပေမယ့် အိမ်က ကောင်းတာတစ်ခုက ဘာလဲဆိုတော့ ပြန်လာချင်လားပေါ့။ ဒါပေမယ့် စဉ်းစားတာက ကိုယ်လျှောက်ထားပြီးသားလမ်းကို ပြန်မလာဘူးလို့ ဒီမှာဆက်နေမယ် ကျောင်းပြီးအောင် နေလိုက်ဦးမယ်ပေါ။ အဲဒါနဲ့ပဲ ပြီးအောင်တော့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ဘဝမှာ အကောင်းဆုံးအရာတွေကတော့ သူငယ်ချင်းတွေပဲ ရှိတယ်။ သူငယ်ချင်းတွေက အမြဲတမ်း ကူညီထောက်ပံ့မှုတွေ ပေးတယ်။

ငယ်ငယ်ကတည်းက နိုင်ငံရေးဆိုတာကို မုန်းတယ်ပေါ့နော်။ ကိုယ် ကြီးလာရင်တော့ ကိုယ်တည်ဆောက်မယ့် မိသားစုမှာပဲဖြစ်ဖြစ် ထပ်ပြီးတော့ အနာတရတော့ မကြုံချင်တော့ဘူး။ ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ အလုပ်ရှာတယ်။ သတင်းထောက်လုပ်ဖြစ်တယ်။ ခနပဲလုပ်ပါတယ်။ ဘာသာပြန်လုပ်တယ်။ အင်္ဂလိပ်စာကလည်း အရမ်း ကျွမ်းကျင်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် လုပ်ကြည့်တယ်။ အဲဒါနဲ့ နိုင်ငံခြားသတင်းတွေကို ထိတွေ့နေတယ်။ ဒါပေမယ့် အဲဒီမှာလည်း မကျေနပ်ဘူး။ ကိုယ်လိုချင်တဲ့ဘဝက ဒါမျိုးမဟုတ်ဘူး။ ကိုယ် တစ်ခုခု ဖြစ်ချင်နေတယ်ပေ့ါနော်။ အဲတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနဲ့ ပဋိပက္ခနေတဲ့ တကယ့်ကို ဖြစ်နေတဲ့နေရာမှာ သွားပြီးတော့ လေ့လာဖြစ်တယ်။ အဲမှာ ပြောလို့ရတာက အဲဒီ သင်တန်းက ကိုယ့်ဘဝအတွက် အလှည့်အပြောင်း ဖြစ်သွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ လူငယ်တွေရဲ့ အခွင့်အရေးတွေက ဘာတွေလဲပေါ့နော်။ ဒါမျိုးတွေ အများကြီး လေ့လာရတယ်။

နောက် လူငယ်တွေကိုယ်တိုင်က သူတို့ရဲ့ အခွင့်အရေးအတွက် ဘယ်လိုတွေ တောင်းဆိုမလဲဆိုတာတွေကို လေ့လာခွင့်ရတယ်။ အဲကနေ မြန်မာပြည်ကို ပြန်လာပြီးတော့မှ လူငယ်တွေကို စုရုံးဖြစ်တယ်။ လူငယ်ဖိုရမ်းကို ထောင်ပြီးတော့ အခွင့်အရေးကို ဘယ်လိုပြောရမယ် လူငယ်တွေကိုယ်စား ဘယ်လိုဦးဆောင်ရမလဲဆိုတာကို တတ်လည်းမတတ်ဘူး သိလည်းမသိဘူး။ ဒါပေမယ့် စပြီးတော့ လုပ်ဖြစ်တယ်ပေါ့နော်။ သိတဲ့လူတစ်ချို့နဲ့ပေါ့ လူကြီးတွေတစ်ချို့ကလည်း ကူညီပေးပါတယ်။ အဲဒီကနေမှတစ်ဆင့် မြန်မာလူငယ်ဖိုရမ်ဆိုတဲ့ အဖွဲ့ကို တခြားလူငယ်တွေနဲ့ ပေါင်းပြီးတော့မှ ဆက်လုပ်ဖြစ်တာတွေ အများကြီး ရှိတယ်ပေါ့နော်။

အဓိကအကြောင်းအရင်းက လူငယ်တွေက အများစုဖြစ်တယ် ဒါပေမယ့် အမြဲတမ်း နောက်ကျခံနေရတယ်။ အမြဲတမ်း သူတို့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ သူတို့က သူတို့ရဲ့အားတွေကိုတော့   နိုင်ငံတွေက ယူသုံးလေ့ရှိကြတယ်။ ဒါပေမယ့် သူတို့အတွက် ဖြည့်ဆည်းရမယ့်ဟာတွေဆိုရင် အမြဲတမ်း မေ့နေကြတယ်။ အဲဒီဟာကို ပြောရမယ်။ နောက် လူငယ်တိုင်းကလည်း သိနေရမယ် အဲဒီမှာ ခံယူတာက လူငယ်သည် ဆိုက်ကားသမားပဲဖြစ်နေဦး ပြည့်တန်ဆာပဲ ဖြစ်နေဦး ူသူ့မှာ သူ့အခွင့်အရေးရှိတယ်။ သူ့မှာ သူ့အခွင့်အရေးကို ကိုယ်တိုင် တောင်းဆိုနိုင်ရမယ်ဆိုတဲ့ ဟာမျိုးကို မြင်မိတယ်ပေါ့နော်။ မြင်မိတော့ လူငယ်တွေအားလုံးနဲ့ စုရုံးပြီးတော့ လှုပ်ရှားဖြစ်တယ်။ ၂၀၁၅ လောက်ထိတော့ လုပ်ဖြစ်ခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာလည်း လူငယ်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကျော့ပြန်စစ်တွေက အများကြီး ဖြစ်လာတဲ့အခါမှာ လူငယ်တွေရဲ့ လှုပ်ရှားမှုကလည်း အားကောင်းလာတဲ့အခါမှာ ငြိမ်းချမ်းရေးကိစ္စတွေ စစ်ပွဲရပ်ဖို့ ကိစ္စတွေကို အဓိက လူငယ်အားနဲ့ ပြောဖြစ်လာတယ့်ပေါနော်။ ဒါပေမယ့် အဲဒါက အမတစ်ယောက်တည်း လုပ်တာတော့မဟုတ်ဘူး။ ဒါပေမယ့် လူငယ်တွေအားလုံးက တွဲပြီးတော့ လုပ်တယ်ပေါ့နော်။ ကိုယ်လည်း အင်တိုက်အားတိုက် လုပ်ဖြစ်တယ်။

မြို့ပေါ်မှာနေတယ်ဆိုတာတောင်မှ ဒီမတရားမှုတွေကို ကိုယ်တွေက မြင်နေရတယ် ကြုံတွေ့နေရတယ်။ ခံနေရတယ်။ ကိုယ်ကိုတိုင်တောင် စားရသောက်ရဖို့ အရမ်းခက်ခဲနေတဲ့အချိန်မှာ မိသားစုတွေက အိမ်တွေကို စွန့်ခွာပြီးတော့ ပြေးရတယ်။ စစ်ရဲ့ဒဏ်ကို ခံစားနေရတယ်ဆိုတာက  စစ်ဖြစ်ပွားမှုတွေကို လုံးဝ မဖြစ်ချင်တော့ဘူး။ အဓိကအားဖြင့်တော့ လူ့အသိုင်းအဝိုင်းမှာ တန်းတူညီမျှမှုအတွက် ငြိမ်းချမ်းရေးကိစ္စတွေကို အများကြီး လုပ်ဆောင်ဖြစ်ပါတယ်။

စစ်ပွဲကို ဖန်တီးနေတာက ယောက်ျားတွေ ဒါပေမယ့် ဘယ်အမျိုးသမီးကမှ စစ်ပွဲတွေ ဖြစ်ဖို့အတွက် လက်နက်ဆွဲကိုင်ပြီးတော့ တိုက်နေတာမဟုတ်ဘူး။ စစ်ပွဲကနေမှ ပေးတဲ့ ပြဿနာတွေ အမျိုးသားတွေ ကြုံနေရတာထက်ကို အမျိုးသမီးတွေက ပိုများတယ်။ အဲဒါကြောင့် စစ်ပွဲနဲ့ အမျိုးသမိးတွေက တိုက်ရိုက်ကို ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်။ နောက် အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာခြင်းအားဖြင့် တိုက်နေတဲ့ အမျိုးသားတွေလည်း နည်းနည်းတော့ ပြန်သုံးသပ်နိုင်မလားလို့လည်း မြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးထုရဲ့ အသံသည် စစ်ပွဲမှာ ကြုံရတဲ့အခါမှာ အမျိုးသားပဲ ကြုံရတာမဟုတ်ဘူး အမျိုးသားရော အမျိုးသမီးရော ကြုံရတာ။ အဲတော့ အမျိုးသမီးတွေကြုံရတဲ့ ဒုက္ခတရားကို ပိုပြီးတော့မှ သူတို့ စာနာနိုင်လိမ်မယ်လို့ မြင်ရတယ်။ အဲတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထိုင်ရတဲ့အခါမှာ အမျိုးသားကြီးပဲ ထိုင်နေလို့ ဒီပြဿနာက ဖြေရှင်းတာမဟုတ်ဘူး။

 လူငယ်တွေဆိုရင်လည်း အခုဆိုရင် အများကြီး ဆက်ပြီးတော့ တက်ကြွလှုပ်ရှားနေတာတွေ အများကြီးရှိတယ်။ အဲဒါတွေကို မြင်ရတာ အားရမိတယ်။ အားရမိတာက ဆိုလိုချင်တာက ကိုယ်လုပ်ခဲ့တာကြောင့်လို့ ဆိုလိုချင်တာမဟုတ်ဘူး။ ပြောချင်တာက ဒီလူငယ်လှုပ်ရှားမှုကြီးက ရှေ့ဆက်သွားနေဦးတော့ ကိုယ်လုပ်နိုင်တဲ့အပိုင်းတုန်းကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ခဲ့တယ်။ အဲဒါကို ဆက်ပြီးတော့မှ လူငယ်တွေက သူတို့နည်းသူတို့ဟန်နဲ့ ဆက်မောင်းနေမှာပါ။ လူငယ်တွေအနေနဲ့ ဒီလှုပ်ရှားမှုကြီးက ဆက်သွားနေတာကို မြင်ရတဲ့အတွက်လည်း လူငယ်တွေကို ချီးလည်းချီးကျူးတယ်။ အားလည်းပေးတယ်။

နောက်တစ်ချက်က ငြိမ်းချမ်းရေးကိစ္စပေါ့နော်။ ငြိမ်းချမ်းရေးကိစ္စဆိုရင်လည်း အခုချိန်ထိ စစ်ပွဲတွေ မရပ်သေးဘူးပေါ့နော်။ အဲဒီအတွက်လည်းစိတ်ပျက်တယ်။ ဒီလောက်တောင်မှ ကိုယ်တွေ အချိန်တွေပေးခဲ့တာ ဘာမှ မရွေ့ပါလားဆိုပြီးတော့ တစ်ခါတစ်လေ စိတ်ဓာတ်ကျတယ်။ တစ်ဖက်မှာ ပြန်ကြည့်မယ်ဆိုရင် ဥပမာဆိုကြပါစို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လိုမျိုး အများကြီးဖြစ်လာတယ်။ နှစ်စဉ်နှစ်တိုင်း အခုဆိုရင် အစိုးရအဆင့်မှာပါ ဒီဟာကို ဆင်နွှဲလာတဲ့အခါမျိုးတွေ အရင်တုန်းကတော့ ဖမ်းတယ် အဲလိုမျိုး ဆင်နွှဲလို့ အခုနောက်ပိုင်း သူတို့ကိုယ်တိုင်က ဆင်နွှဲလာတဲ့အခါမျိုးကို မြင်ရတဲ့အခါကျတော့ နည်းနည်းတော့ ငြိမ်းချမ်းရေးစကားသံအတွက်တော့ အထောက်အကူ ပြုခဲ့တာပဲ ကိုယ်က အထောက်အကူ ပြုခဲ့တာပဲဆိုတဲ့ဟာမျိုးအတွက်   ကျေနပ်အားရမိတာမျိုးတော့ ရှိပါတယ်။

Mizzima Weekly