နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ အသေခံဗုံးခွဲသမား ရဦး၏ လက်ချက်ကြောင့် အရပ်သား ၉ဦးခန့်သေဆုံး

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ အသေခံဗုံးခွဲသမား ရဦး၏ လက်ချက်ကြောင့် အရပ်သား ၉ဦးခန့်သေဆုံး

မိုင်ဒူဂူရီ( နိုင်ဂျီးရီးယား) ဇွန် ၂၇ ။         ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဘိုကိုဟာရမ် အစ္စလာမ်မစ်အကြမ်းဖက်သမားများ ထကြွသောင်းကျန်း ရာ မိုင်ဒူဂူရီမြို့တွင် အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့သောကြောင့် လူ ၉ဦးခန့် သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင်ပြောခဲ့သည်။

တိုက်ခိုက်မှုများသည် နိုင်ဂျီးရီးယားနိုင်ငံ၌ မွတ်စလင်ဘာသာဝင်များ၏ ဥပုသ်ကာလပြီးဆုံးသည့်အနေဖြင့် ကျင်းပသော အိဒ်နေ့အားလပ်ရက်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗုံးဖောက်ခွဲတိုက်ခိုက်မှုများသည် တနင်္ဂနွေနေ့အနှောင်းပိုင်းကတည်းက စတင်ခဲ့ပြီး အသေခံဗုံးဖောက်ခွဲသူ ၇ဦး ထဲမှ ၆ဦးမှာ အမျိုးသမီးများဖြစ်ကြကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

ဗုံးဖောက်ခွဲသူများသည် မိုင်ဒူဂူရီတက္ကသိုလ်ကျောင်းဝန်းနှင့် မြို့၏အရှေ့မြောက်ပိုင်းမှ လူနေရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာအစ်ဆူကူက အမျိုးသားတစ်ဦးသည် တက္ကသိုလ်ကျောင်းဝန်း ထဲ၌ မိမိကိုယ်မိမိ ဗုံးဖောက်ခွဲခဲ့ကြောင်းနှင့် ထိုသူ၏လက်ချက်ကြောင့် လုံခြုံရေးအစောင့် ၃ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ထို့နောက်မိနစ်ပိုင်းအကြာတွင် အသေခံဗုံးဖောက်ခွဲသည့် အမျိုးသမီး၄ဦးသည် မိုင်ဒူဂူရီမြို့ အရှေ့မြောက်ပိုင်းမှ ဆင်ခြေဖုံးရပ်ကွက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖောက်ခွဲခဲ့သောကြောင့် ၈ဦးသေဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသေခံဗုံးဖောက်ခွဲသည့် အမျိုးသမီး၄ဦးထဲမှ တစ်ဦးမှာမအောင်မြင်ဘဲ ဒဏ်ရာရရှိကာ အဖမ်းခံခဲ့ရကြောင်း အစ်ဆူကူက ပြောခဲ့သည်။ ထို့နောက်နာရီပိုင်းအကြာတွင် နောက်ထပ်အမျိုးသမီး အသေခံဗုံးဖောက်ခွဲသူ ၂ဦး သည် တက္ကသိုလ်ကျောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်းနှင့် သေကျေထိခိုက်သူ တစ်ဦးမှမရှိခဲ့ကြောင်း သိရသည်။

“စုစုပေါင်းသေဆုံးသူ အရေအတွက်ဟာ အသေခံဗုံးဖောက်ခွဲသူ ၇ဦးကိုထည့်တွက်မယ်ဆိုရင် ၁၆ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၁၃ဦးအထိ ရှိခဲ့ပါတယ်”ဟု အစ်ဆူကူကပြောခဲ့သည်။

အိဒ်နေ့အားလပ်ရက်ကာလအတွင်း အကြမ်းဖက်သမားများ၏ ယခုလိုတိုက်ခိုက်မှုများကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ဂျီးရီးယား ထောက်လှမ်းရေးတပ်ဖွဲ့မှ လွန်ခဲ့သော သောကြနေ့ကတည်းက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags