ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (အပိုင်း ၁)

26 June 2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (အပိုင်း ၁)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြစ်တဲ့ ၆၆(ဃ)နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဥပဒေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘာတွေများ ရှိနေမလဲဆိုတာကို ဆွေးနွေးသွားမယ့် ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျ။ အဲတော့ ကျွန်တော်ဘေးမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဆရာ ဦးရောဘတ်ဆန်းအောင် ဖြစ်ပါတယ်။ တရားလွှတ်တော် ရှေ့နေတစ်ယောက် ဖြစ်ပါတယ်ခင်ဗျ။ နောက်တစ်ယောက်ကတော့ ဆရာ ဦးသီဟစော ဖြစ်ပါတယ်။ သူကတော့ မြန်မာသတင်းပညာ သိပ္ပံရဲ့ Executive Director တစ်ဦး ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ကိုမိုဃ်းသွေး ဖြစ်ပါတယ်။ သူက  Generation Wave ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အဲဒီတော့ ဆရာ ဦးသီဟစောရေ ကျွန်တော် နည်းနည်းလေး မေးပါရစေခင်ဗျ။ ကျွန်တော်တို့ ဒီ ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြစ်တဲ့ ၆၆(ဃ)က ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ဒီနှစ်ပိုင်းမှာ မီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်လာတယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ လွတ်လပ်စွာ ပြောဆိုခွင့် ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်လာတယ်။ ဒါမှမဟုတ်ရင် ကန့်သတ်ဖြစ်နေတယ်လို့   ပြောဆို   ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ အဲတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆရာ့ရဲ့အမြင်လေးကို နည်းနည်းလေး ပြောပေးပါဦး။

ဦးသီဟစော (Executive Director)

မြန်မာ သတင်းပညာသိပ္ပံ

ဒီ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) က ဒီ မီဒီယာကို ထိန်းချုပ်သလိုဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ မီဒီယာတင်မကပဲနဲ့ လူအများရဲ့ လွတ်လပ်ခွင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်တဲ့ သဘောလည်း သက်ရောက်နေတယ်။ သူ့ဥပဒေရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲရှိရှိ ဥပဒေကို ထိန်းချုပ်တဲ့ ထိန်းချုပ်ဖို့လွယ်တဲ့ လက်နက် ကိရိယာတစ်ခုလို သုံးနေကြတာ တွေ့ရတယ်။ အဲတော့ ဒီဥပဒေပုဒ်မကို ပြင်မလား၊ ဖြုတ်မလား၊ အသစ်ပြန်ရေးမလားပေါ့နော်။ အဲတော့ ကျွန်တော်တို့လည်း ကြိုးစားနေတာတွေရှိတယ် ဆွေးနွေးတယ်။ လွှတ်တော်ကလူတွေနဲ့လည်း သွားဆွေးနွေးတယ်   ပြင်ဆင်ဖို့ ပြင်ရင် ဘယ်လိုပြင်မလဲ သူ့ကိုပဲပြင်မလား၊ သူနဲ့တွဲနေတဲ့ တခြားပုဒ်မတွေ ပုဒ်မ ၈၀ လိုမျိုးပေါ့၊ ပြင်မလား အာမခံပေးလို့ရတဲ့အမှု ဟုတ်မဟုတ် အဲဒါတွေ ပြင်ဖို့အတွက် ကြိုးစားနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အဓိကကတော့ ဒီပုဒ်မကို ဖိနှိပ်ဖို့အတွက် လွယ်ကူတဲ့ လက်နက်တစ်ခုလို သုံးနေတာက တော်တော်လေး အရေးကြီးတယ်။ အဲဒါက ပိုအရေးကြီးနေတယ်လို့ ထင်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲတော့ ကျွန်တော် ကိုမိုးသွေးကို မေးပါရစေ။ ဆရာကတော့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ ပတ်သက်ပြီးတော့ ပြောသွားတာပေါ့နော်။ ဒီပုဒ်မကို အသုံးပြုပြီးတော့ အခြား လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး ထိခိုက်မှုတွေ ရှိနေလဲဆိုတာကို သုံးသပ်ပေးပါဦး။

ကိုမိုဃ်းသွေး (ဥက္ကဋ္ဌ)

Generation Wave

ကျွန်တော်တို့ အခု ဖြတ်သန်းနေတဲ့ ကာလပေါ့ဗျာ။ အဲဒီကာလကတော့ အားလုံးသိကြတဲ့အတိုင်းပဲ စစ်အာဏာရှင် စနစ်ကနေပြီးတော့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ကြိုးစားနေတာ   ဖြစ်တယ်ပေါ့။ ဆိုတော့ ဒီမိုကရေစီရဲ့ သဘောမှာက ကျွန်တော်တို့ နိုင်ငံရဲ့ အုပ်ချုပ်မှု အာဏာတွေအကုန်လုံးကို တစ်နေရာတည်းမှာ မထားပဲနဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ပဲ အားဏာသုံးရပ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့၊ တရား စီရင်ရေးရယ်ဆိုပြီးတော့ ခွဲခြားထားတာရှိတယ်။ အလားတူပဲ ဒီမဏ္ဍိုင်သုံးရပ်အပြင်ကို ကျွန်တော်တို့ ဒီ သတင်းမီဒီယာဆိုရင်လည်း စတုတ္ထမဏ္ဍိုင်ပေါ့နော် ပြည်သူလူထုပဲပြောပြော အရပ်ဖက် အဖွဲ့အစည်းပဲပြောပြော ပဉ္စမမဏ္ဍိုင်တွေအနေနဲ့ ကျွန်တော်တို့ တင်စားပြောဆိုတာတွေလည်းရှိတယ်။ ဆိုလိုချင်တာကတော့ ဒီ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို မဏ္ဍိုင်တွေ တစ်ခုနဲ့တစ်ခု Check in Valance ပြန်လည်ထိန်းကျောင်းဖို့အတွက်ကို ရည်ရွယ်ချက် ကြိုပြီးတော့ ထားထားတာပေါ့။ အဲဒီနေရာမှာ ပြည်သူလူထုတို့ အရပ်ဖက်အဖွဲ့အစည်းတို့ဆိုတာက အာဏာရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။  အစိုးရတို့ လွှတ်တော်တို့ကတော့ အာဏာရှိကြတယ်။ ဆိုတော့ အာဏာမရှိတဲ့သူတွေက မိမိရဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ခေတ်စနစ်ကြောင့် ဖြစ်လာတဲ့ လူမှုဒုက္ခ   နိုင်ငံနဲ့ပတ်သက်တဲ့ ဖိနှိပ်မှု စသဖြင့် နိုင်ငံရေး မတရားမှု စသဖြင့် အဲဒါတွေကို ကြုံတွေ့လာလို့ရှိရင် ကျွန်တော်တို့ ပြန်ပြီးတော့မှ အစိုးရတို့ လွှတ်တော်တို့ကို ပြန်ပြီးတော့ ထောက်ပြတာတွေ တင်ပြလုပ်ဖို့ လိုလည်း လိုအပ်ပါတယ်။ ထူးခြားတဲ့နေရာမှာက အခုခေတ်ဆိုရင် ကျွန်တော်တို့ Facebook ပေါ့ လူမှုကွန်ရက်ကနေ ပြောကြ ဆိုကြ တင်ကြတာတွေရှိတယ်။ အရင်ခေတ်တွေကဆိုရင်တော့ သတင်းစာတွေ ဂျာနယ်တွေကနေ ရေးကြတာတွေ ရှိတယ်ပေ့ါ။

ဆိုတော့ အဲလိုနေရာမျိုးမှာပါ ၆၆(ဃ) က ရည်ရွယ်ချက်ရှိရှိနဲ့ တားမြစ်သလို ဖြစ်လာတာတွေကို တွေ့ရတယ်။ ဆိုတော့ ဒီ ၆၆(ဃ)နဲ့ ပြီးခဲ့တဲ့ အရေးယူခဲ့တဲ့ အမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် လက်တလောမှာဖြစ်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့်ဆိုတဲ့ သူကနေ လာဘ်စားတယ်ဆိုပြီးတော့ သူယူဆတဲ့ တစ်ခုကို ထုတ်ဖော်ထားတာရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ဒီအမှုရဲ့ ဖြစ်စဉ်ကို သေချာစစ်ဆေးတာ ဒါမှမဟုတ် မှန်တယ်မှားတယ် ရှင်းလင်းတာ ဒါမျိုးတွေလုပ်တာ မတွေ့ရပဲနဲ့ စွပ်စွဲတဲ့သူကိုပဲ ၆၆(ဃ)နဲ့ တရားစွဲ အရေးယူ ချုပ်နှောင်လိုက်တာကို တွေ့ရတယ်။

နောက်တစ်ခုဆိုလို့ရှိရင် မနှစ်ကတုန်းက Eleven မီဒီယာကနေပြီးတော့မှ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လာဘ်စားသယောင် အဲလိုပုံစံမျိုးနဲ့ အယ်ဒီတာ့အာဘော်တစ်ခုမှာ ရေးသားခဲ့တယ်။ ဒီဘက်ဆိုရင်လည်း ချက်ချင်းပဲ ၆၆(ဃ)နဲ့ အရေးယူတယ်။ တစ်ဖက်မှာလည်း ရေပန်းအစားဆုံးဖြစ်နေတဲ့ ဆရာကျော်မြင့်ဆွေတို့ ဗြိတိသျှ ကိုကိုမောင်တို့ သူတို့ဆိုလို့ရှိရင် သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အမြင်ပေါ့။ စစ်ပွဲတွေဖြစ်နေတယ် ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ အမြင်တွေကို သူတို့ ဖော်ထုတ်တယ်။ ဆိုတော့ ဒီဟာကိုလည်း တော်တော်ကိုပဲ ပြင်းပြင်ထန်ထန် အရေးယူမှုတစ်ခုအနေနဲ့ ၆၆(ဃ)နဲ့ ချက်ချင်းပဲ စွဲပြီးတော့လုပ်တယ်။

ဆိုတဲ့အခါကျတော့ ဒီ ၆၆(ဃ)ကြောင့် ကျွန်တော်တို့က ဒီမိုကရေစီကို သွားတဲ့နေရာမှာ မဏ္ဍိုင်တွေ အချင်းချင်း ကြားထဲမှာ Check in Valance လုပ်ရမယ့် ထိန်းကျောင်းရမယ့် ဖြစ်စဉ်ကို တားဆီး ကန့်သတ်ရာရောက်နေတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ ဒီမိုကရေစီအတွက် အတားအဆီးကြီး တစ်ခုလို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဆရာဦးရောဘတ်ဆန်းအောင် ကျွန်တော်တို့ ဥပဒေပြဌာန်းတဲ့အခါမှာ သူ့ရည်ရွယ်ချက်တွေတော့ ပါတာပေါ့နော်။ ဥပမာဆိုကြပါစို့ ခြိမ်းခြောက်တာတို့ ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို အသုံးပြုပြီးတော့ ခြိန်းခြောက်တာ ဒါမှမဟုတ်ရင် တစ်စုံတစ်ခုကို အသရေဖျက်တာပေါ့နော်။ ဒါမျိုးတွေ အဖြစ်အပျက်တွေကနေပြီးတော့ ဒီလိုမျိုး ရည်ရွယ်ပြီးတော့မှ ဒီအပေါ်မှာ တားဆီးတယ်ဆိုပြီးတော့မှ ဥပဒေပြဌာန်းချက်မှာ ဖတ်ရပါတယ်။ အဲတော့ ဒီဥစ္စာက ကောင်းကျိုး ဆိုးပြစ်က ဘယ်လိုဖြစ်နေလဲ။ ဆရာ ဥပဒေ ပညာရှင်တစ်ယောက်အနေနဲ့ပေါ့။

ဦးရောဘတ်ဆန်းအောင် (တရားလွှတ်တော်ရှေ့နေ)

ကောင်းကျိုး ဆိုးပြစ်က ဘယ်လိုဖြစ်နေလဲဆိုတော့ လူတစ်ယောက်ကို မကျေနပ်လို့ရှိရင် ဒုက္ခပေးဖို့အတွက် လက်စားချေဖို့ ဥပဒေတစ်ရပ်လို ကျင့်သုံးလာနေတယ်။ အဲတော့ သာမာန်အသရေဖျက်မှုကို ပုဒ်မ ၅၀၀ နဲ့စွဲရင် လက်တလော အချုပ်အနှောင်ဘဝကို မရောက်တော့ မကျေနပ်နိုင်တဲ့အခါမှာ ဒီလူကို ဒုက္ခရောက်ပြီးတော့ အချုပ်အနှောင်ခံရအောင်ဆိုပြီးတော့ လုပ်တယ်။ ၆၆(ဃ) ဖွင့်တယ်။ ၆၆(ဃ)ကိုသာ ဖွင့်နေတာ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်ဆေးနိုင်တဲ့ ကဏ္ဍကောင်းမရှိဘူး။ စီအိုင်ဒီမှာ စိုက်ဘာဖွင့်ထားတယ်။ Cyber Law မရှိဘူး။ အဲဒါက ပြဿနာ။

နောက်တစ်ချက်က အဲဒီဥပဒေမှာ ပါတဲ့စကားလုံးတွေက အဓိပ္ပာယ်ကောက်တဲ့နေရာမှာ အဓိပ္ပာယ်ပေါ်တော့ အာမခံမရဘူး။ ကျွန်တော်ပြမယ် "ထက်မပိုသော" နဲ့ "အထိ'' ဆိုတဲ့စကားလုံး နှစ်လုံးကို တရားသူကြီးတွေက အဓိပ္ပာယ်ကောက်တဲ့အခါမှာ Righting Definition လို့ခေါ်တဲ့ ဘောင်ချဲ့ပြီးတော့ ကောက်ကြတယ်။ အဲတော့ သုံးနှစ်ကနေ ခုနှစ်နှစ်ထဲကို ပို့လိုက်တယ်။ တကယ်တမ်းက သုံးနှစ်ထက် မပိုသောဆိုတော့ တစ်ရက်ကနေစပြီး သုံးနှစ်ထက် မပိုရဘူးလို့ပြောတာ။ နောက် ငွေဒဏ်လည်း ချလို့ရတယ်။ ဆိုတော့ အဲဒါဆိုလို့ရှိရင် ဒါ narrow Definition အရ သွားရမှာ။ ဒါမှ အာမခံပေးလို့ရမယ်။ အဲဒီလို အာမခံပေးမှလည်း တရားသူကြိးရဲ့ ဆင်ခြင်တုံတရားရဲ့ ဉာဏ်အနိမ့်အမြင့်ကို တိုင်းလို့ရမယ်။ အခုဟာက လာထား ၆၆(ဃ)ဆိုရင်သွား အချုပ်ထဲဝင် ထောင်ပို့ အဲတော့ ဘာဖြစ်လာလဲဆိုတော့ ကြာတော့ ဒီ ၆၆(ဃ)က ရွံစရာ ပုဒ်မတစ်ခု ဖြစ်နေတယ်။ အစိုးရရဲ့ ပုံရိပ်ကိုလည်း ထိခိုက်တယ်။ လူ့အခွင့်အရေးကို ထိခိုက်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ ကို မလိုက်နာရာ   ရောက်တဲ့အတွက် မကောင်းဘူးလို့ပဲ ပြောရမှာပဲ။ အဲတော့ဖြတ်ကြပါ မဟုတ်ရင်လည်း တရားသူကြီးတွေ ဉာဏ်အလင်းရအောင် အာမခံပေးလို့ရတယ် ဆိုတာကို အဓိပ္ပာယ် ဖွင့်ပေးမှ ရတော့မယ်။ မဟုတ်ရင်တော့ ဝင်နေဦးမှာပဲ။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly