ကာလတန်ဖိုးကျပ်သန်းပေါင်း ၂၉,၆၃၉ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ရန်ကုန်တိုင်းတွင် မီးရှို့ဖျက်ဆီး

ကာလတန်ဖိုးကျပ်သန်းပေါင်း ၂၉,၆၃၉ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ရန်ကုန်တိုင်းတွင် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန်လ ၂၆ ။           ။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်း ၇ ခုမှ ဖမ်းဆီးရမိခဲ့သော ကာလတန်ဖိုးကျပ်သန်းပေါင်း ၂၉,၆၃၉ ကျော်ရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို ဇွန်လ ၂၆ ရက်၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဓာတုစ္စည်းများအား ဇွန်လ ၂၆ ရက်နေ့ ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ၊ ဆေးပြား၊ ဖန်ဆီဒိုင်း၊ စိတ်ကြွအရည်၊ မော်ဖင်းထိုးဆေး စသည့်ဖြင့် အမျိုးအစား ၂၅ မျိုးထိပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ ဒုံမြို့နယ်မှ ကျပ် ၂၆ ဒသ မ ၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ပဲခူးတိုင်း၊ ပတောင်းမြို့နယ်မှ ကျပ် ၁၄ ဒသမ ၉ သန်းနှင့် ရခိုင်ပြည်နယ် မှ ၁၉ ဒသမ ၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများမှာ မီးရှို့ဖျက်ဆီးရာတွင် စံချိန်တင်အများဆုံးပါဝင်သည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောသည်။

“ဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေကတော့ တရားစွဲတင်ပြီး ဖြစ်ပါတယ်။ တရားခံ ၃၄ ဦးမှာ ၁၄ ဦးကို တရားစွဲတင်ထားပြီးတော့ ၁၆ ဦးကိုတော့ တရားခံပြေးနဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်”ဟု ၎င်းက မီးရှို့ဖျက်ဆီးခဲ့သည့် စံချိန်တင် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထား မှုအပိုင်းကို ပြောသည်။

ကာလတန်ဖိုးသန်းချီတန်ဖိုးရှိ မီးရှို့ဖျက်ဆီးခဲ့သည့် ယင်းမူးယစ်ဆေးဝါးများမှာ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် နှစ် ဆန်းပိုင်းထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်၊ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တို့မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများဖြစ် ကြောင်းသိရသည်။

ထို့သို့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကို ဇွန်လ ၂၆ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့် နေရာသုံး နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးတန်ဖိုးမှာ ကျပ် ၃၁၉၆၀ ဒသမ ၅ သန်း ကျော်ရှိကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  နေရာသုံးနေရာ၌ မီးရှို့ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းကာလတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆,ဝဝဝ ကျော် ထိရှိကြောင်း သိရပြီး  ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ ၉၈၁ မှုထိရှိပြီး ပြစ်မှုကျူးလွန်သူ ၁၅ဝ၃ ဦးအား ဥပဒေနှင့် အညီအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly