ဂျပန် အဏုမြူဗုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများက နျူကလီးယားဓာတ်အားကို ဆန့်ကျင်ပြောကြား

ဂျပန် အဏုမြူဗုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများက နျူကလီးယားဓာတ်အားကို ဆန့်ကျင်ပြောကြား

ဖူကူရှီးမားမြို့၊ သြဂုတ် - ၄ ။          ။ အက်ဆုရှီ ဟိုရှီနိုတစ်ယောက် နှစ်၃၀အလွန်က ဂျပန်အရှေ့မြောက်ပိုင်း ကျေးလတ် ဖူကူရှီးမားစီရင်စုနယ်ထဲတွင် အဏုမြူဗုံးဒဏ်ခံ အသက်ရှင်ကျန်ရစ်သူများကို ကိုယ်စားပြုသည့် အုပ်စုတစ်စုကို ပြန်လည်အသက်သွင်းရန် ကြိုးစားစဉ်ကမူ ဂျပန်နိုင်ငံမှ လူအတော်များများ အလုပ်အတွက် မှီခိုနေရသည့် နျူကလီးယား ဓာတ်အားလုပ်ငန်းကို ဝေဖန်ခြင်းမှာ မပြောကောင်းသည့်အရာပင်ဖြစ်သည်။

သို့ရာတွင် ၂၀၁၁ခုနှစ် မတ်လ ၁၁ရက်နေ့တွင် အင်အားပြင်းထန်လှသည့် ဆူနာမီက ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံကို ဖျက်စီးသွားပြီး၊ အရည်ပျော်မှုဖြစ်ပွားကာ ဓာတ်ပြာများကို မှုတ်ထုတ်သောကြောင့် ဒေသခံထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွာထွက်ပြေးရသည့်အခါတွင်မူ အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

''အဲဒီမတိုင်ခင်ကတည်းက နျူကလီးယားဓာတ်အားကို စိတ်မသက်မသာဖြစ်နေခဲ့ပေမယ့်လည်း ဆန့်ကျင်ဖို့အထိတော့ ဖြစ်မလာသေးဘူး။ ဆန့်ကျင်ဖို့မဖြစ်နိုင်တဲ့ အခြေအနေမှာလည်း ကျရောက်နေခဲ့ တယ်''ဟု ပျက်စီးသွားသည့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံမှ ၃၇မိုင်ကွာဝေးသည့် ဖူကူရှီးမားမြို့တွင်းမှ ၎င်း၏နေအိမ်တွင် ဟိုရှီနို (၈၇နှစ်)က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုတော့မူ ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့ ဟီရိုရှီးမားကို အမေရိကန် အဏုမြူဗုံးကြဲခဲ့စဉ်က အသက်ရှင်ကျန်ရစ်သူ ဟိုရှီနိုမှာ ဖူကူရှီးမားကပ်ဘေးအပြီးတွင် ပိတ်ထားခဲ့သည့် ဓာတ်ပေါင်းဖိုများ ကို ပြည်လည် လည်ပတ်ရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီမံကိန်းကို ဆန့်ကျင်နေကြသည့် ဂျပန်လူများစုကြီးထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လာသည်။ နှစ်နှစ်နီးပါးကာလအတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် ဂျပန် အနောက်တောင်ပိုင်းရှိ ကျူရှူး လျှပ်စစ်ဓာတ်အားကုမ္ပဏီ၏ ဆင်ဒိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံမှာ သြဂုတ်လ ၁၀ရက်နေ့တွင် ပြန်လည် လည်ပတ်မည်ဟု မျှော်လင့်ရသည်။

''နျူကလီးယားဓာတ်အားရဲ့ အန္တရာယ်က ကြီးမားလှပြီး လူသားတွေကလည်း ဒီအန္တရာယ်ကို မထိန်းချုပ်နိုင်တာ ထင်ရှားနေတော့ ဘယ်ဓာတ်ပေါင်းဖိုကိုမှ ပြန်ပြီး မလည်ပတ်သင့်တော့ပါဘူး''ဟု ဟိုရှီနိုက ပြောကြားခဲ့သည်။

ဖူကူရှီးမား အဏုမြူဗုံးဒဏ်ခံ အသက်ရှင်ကျန်ရစ်သူများအုပ်စု၏ ဥက္ကဌ အကီရာ ယာမာဒါကလည်း အလားတူပင် ကောက်ချက်ဆွဲပါသည်။ သူတို့နှစ်ယောက်စလုံးမှာ နျူကလီးယားဓာတ်အား၏ အန္တရာယ်နှင့် အဏုမြူလက်နက်များ၏ ကြောက်မက်ဖွယ်ရာများကို နှိုင်းယှဉ်ရသည်ကို သွေးလှန့်နေကြသည်။

''နျူကလီးယားဓာတ်အားနဲ့ အဏုမြူဗုံးက စစ်ဖက်မှာသုံးတာနဲ့ အရပ်ဖက်မှာသုံးတာပဲ ကွာခြားတာပါ''ဟု ဟိုရှီနိုကဲ့သို့ပင် ဒုတိယကမ္ဘာစစ်အပြီးတွင် ဖူကူရှီးမားတက္ကသိုလ်၏ ပါမောက္ခ တစ်ယောက်ဖြစ်လာခဲ့ သည့် ယာမာဒါက ရိုက်တာသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly