ဇွန် ၂၃ ။ ။ မိမိတို့ ပြန်လွှတ်လိုက်သည့် အမေရိကန်ကျောင်းသား သေဆုံးခဲ့မှုကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်အစိုးရဘက်က မဟုတ်မမှန်လုပ်ကြံပြောဆိုမှုများ လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားက ဇွန်လ ၂၃ ရက်တွင် ထုတ်ဖော်စွပ်စွဲလိုက်သည်။
အဆိုပါ ကျောင်းသားသေဆုံးခဲ့သည့်ဖြစ်စဉ်တွင် မိမိတို့နိုင်ငံအပေါ် အထင်မှားခံရစေရန် ရည်ရွယ်ကာ တမင်လုပ်ဆောင်နေကြောင်း ပြုံယမ်းအာဏာပိုင်များက ဝါရှင်တန်အစိုးရကို စွပ်စွဲလိုက်ခြင်းဖြစ်သည်။
အသက် ၂၂ နှစ်အရွယ်ရှိ အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယားမှာ မြောက်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ကိုမာဝင်ခဲ့ကာ အမေရိကန်သို့ ပြန်ပို့ခံခဲ့ရပြီး များမကြာမီ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကျောင်းသား ဝမ်ဘီယား သေဆုံးမှုမှာ လုံ့၀ လက်မခံချင်စရာမကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားအပေါ် ပြစ်တင်ပြောကြားမှုများ ရှိခဲ့သည်။
" ခု အမေရိကန်ဘက်က ပြောနေလုပ်နေတာတွေက ကျွန်တော်တို့ကပဲ ရန်သူအပေါ်မှာ လူသားချင်းစာနာထောက်ထားခြင်းမရှိဘူး၊ ကောင်းကောင်း မစောင့်ရှောက်ဘူးဆိုတဲ့ ပုံစံလို ဖြစ်နေပါတယ်" ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်သည်။
ဆက်လက်၍ အဆိုပါကျောင်းသားအပေါ် ၎င်းတို့ ညှင်းပန်းနှိပ်စက်ခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ကြောင်းလည်း မြောက်ကိုရီးယားက ငြင်းဆိုထားခဲ့သည်။
" သက်ဆိုင်ရာ အေဂျင်စီတွေကလည်း ဒီမှာရှိတဲ့ အကျဉ်းသားတွေကို ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီပဲ လုပ်ပါတယ်၊ သူ့ကိုတော့ ခြွင်းချက်ထားပြီး နှိပ်စက်တာမျိုး မရှိပါဘူး" ဟု မြောက်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ပြောသွားသည်။