မိုဂါဒစ်ရှုးရဲစခန်း၌ ကားဗုံးပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံး

မိုဂါဒစ်ရှုးရဲစခန်း၌ ကားဗုံးပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံး

မိုဂါဒစ်ရှုး၊ ဆိုမာလီယာ ဇွန် ၂၃ ။                ။ ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသော ကားတစ်စီးသည် ကြာသာပတေးနေ့က ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးမြို့တောင်ပိုင်းရှိ ရဲစခန်းတစ်ခု၏နံရံကို အရှိန်ဖြင့်ဝင်တိုက်ခဲ့ပြီး ဖောက်ခွဲခဲ့မှုကြောင့် ငါးဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံလုံခြုံရေးဝန်ကြီးဌာနမှ ပြောခဲ့သည်။

“ဝင်တိုက်ခဲ့တဲ့ ကားမှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာပါ။ ငါးဦးသေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုမာလီယာ   ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ အာမက်မိုဟာမက်မိုဟာမက်က သတင်းထောက်များကို ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို အယ်ကေးဒါးအဖွဲ့နှင့် အဆက်အသွယ်ရှိသော ရှာဘတ်အစ္စလာမ်မစ်အဖွဲ့မှ ကျူးလွန်ခဲ့ ကြောင်း ထောက်လှမ်းရေးအေဂျင်စီ၏ အဆိုအရသိရသည်။

ရဲအရာရှိ အက်ဘ်ဒူကာဒါမိုအာလင်က အသေခံဗုံးဖောက်ခွဲသူသည် ဝါဘာရီရဲစခန်း၏ နံရံကို ကားဖြင့်ဝင်တိုက် ခဲ့ပြီး သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရဲစခန်းဘေးမှ မိုဂါဒစ်ရှုးမြို့၏ လူစည်ကားသော လမ်းမကြီးပေါ်တွင် လူအများအပြား အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် ပေါက်ကွဲမှုအပြီးတွင် လမ်းမကြီးကို ပိတ်ဆို့ဝန်းရံထားပြီး ဒဏ်ရာရသူများကို အရေး ပေါ် ကယ်ထုတ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးကပြောခဲ့သည်။

ယခုတိုက်ခိုက်မှုသည် မိုဂါဒစ်ရှုးမြို့ရှိ ဒေသတွင်းအစိုးရရုံးသို့ ရှာဘတ်အကြမ်းဖက်သမားများက ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော မီနီဘတ်စ်ဖြင့် ဝင်တိုက်ခဲ့ကာ လူ၁၀ဦးကို သေဆုံးစေခဲ့ပြီး ၉ဦးကို ဒဏ်ရာရရှိ စေခဲ့သော ဖြစ်ရပ်အပြီး ၂ ရက်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags