အမ်ဘတ်ပီနှင့် ဒွန်နာရမ်မာတို့အား ရီးယဲလ်အသင်း ခေါ်မည်၊ မခေါ်မည်ကို နည်းပြဇီဒန်း ဆုံးဖြတ်မည်

အမ်ဘတ်ပီနှင့် ဒွန်နာရမ်မာတို့အား ရီးယဲလ်အသင်း ခေါ်မည်၊ မခေါ်မည်ကို နည်းပြဇီဒန်း ဆုံးဖြတ်မည်

ဇွန် ၂၂၊ စပိန် ။             ။ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီနှင့် အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာတို့နှစ်ဦးအား ယခုနွေရာသီ အပြောင်းအရွှေ့တွင် ရီးယဲလ်အသင်းက ခေါ်ယူမည်၊ မခေါ်ယူမည်ကို နည်းပြဇီဒန်းကသာ ဆုံးဖြတ်မည် ဖြစ်သည်။

ရီးယဲလ်အသင်းသည် လက်ရှိတွင် ကြယ်ပွင့်ကစားသမားများစွာကို ပိုင်ဆိုင်ထားပြီး အသင်းအတွက် အရေးတကြီးမလိုအပ်ဘဲ အဆိုပါကစားသမားနှစ်ဦးကို ခေါ်ယူလိုခြင်း မရှိသေးပေ။ လာမည့် ရက်ပိုင်းအတွင်း ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်နှင့် နည်းပြဇီဒန်းတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်ရှိ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီက ရီးယဲလ်အသင်းသို့သာ ပြောင်းရွှေ့လိုကြောင်း ဝန်ခံထားသော်လည်း စပိန်ထိပ်သီးအသင်းကြီးမှာ ၎င်းအတွက် ယူရို သန်း ၁၃၀ ခန့် ပေးချေရဖွယ်ရှိနေသည်။

အသက် ၁၈ နှစ်သာရှိသေးသည့် ဒွန်နာရမ်မာမှာမူ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ရီးယဲလ်အသင်းအနေဖြင့် ယူရိုသန်း ၃၀ ခန့်ပေးချေလျှင် အေစီမီလန်အသင်းဘက်က လက်ခံဖွယ်ရှိနေသည်။

အမ်ဘတ်ပီနှင့် ဒွန်နာရမ်မာတို့ နှစ်ဦးစလုံး ရီးယဲလ်အသင်းသို့ရောက်ရှိလာလျှင်လည်း နည်းပြဇီဒန်း၏အလှည့်ကျစနစ်တွင်သာ ကစားရဖွယ်ရှိနေသည်။ ၎င်းတို့ နှစ်ဦးစလုံးအတွက် နည်းပြဇီဒန်း၏ ဆုံးဖြတ်ချက်ကသာ အဓိက ကျလျက်ရှိသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly