၀င်းကိုကိုလတ် အပါအဝင် ၃ ဦးအား ပြန်လွှတ်ပေးရန် တရားရုံးရှေ့ ဆန္ဒဖော်ထုတ်

၀င်းကိုကိုလတ် အပါအဝင် ၃ ဦးအား ပြန်လွှတ်ပေးရန် တရားရုံးရှေ့ ဆန္ဒဖော်ထုတ်

ရန်ကုန်   ဇွန်   ၂၁ ။           ။ ငြိမ်း/စု/စီ ပုဒ်မ ၁၉ အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာအမျိုးသားရေးကွန်ရက်ဥက္ကဋ္ဌ ဝင်းကိုကိုလတ်၊ အထွေထွေ အတွင်းရေးမှူး နောင်တော်လေးနှင့် ရခိုင်လူငယ်များအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဖိုးသားတို့ ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု ဆိုသူများက ယနေ့ ၊ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် တရားစွဲဆိုခံထားရသူများ၏ ဓာတ်ပုံပါပိုစတာများကို ကိုင်ဆောင်ကာ ၎င်းတို့ ၃ ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(ရန်ကုန်) မှ ဆရာတော် ဦးတေဇဝန္တ၊ ဦးဆန်းလွင် (ဒေါပုံဝံသာနု ဥက္ကဋ္ဌ)၊ ဦးမျိုးထိုက်(ခ) IPနှင်းမောင်နှင့် ဦးမင်းသူရမျိုးတို့က တောင်းဆိုခဲ့ကြသည်။

"ဒီနေ့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းအရင်းကတော့ အစ်ကိုတို့ရဲ့မျိုးချစ်ညီအစ်ကိုတွေကို မတရားဖမ်းဆီး ခံထားရတဲ့ ၅၀၅(ခ)အဖြစ် မတရားဖမ်းဆီးထားတဲ့အတွက် အစ်ကိုတို့က ကိုယ့်ညီအစ်ကိုတွေ ခံနေရတာကို မတရားဘူးထင်လို့ မခံစားနိုင်တဲ့အတွက် ကိုယ်ကိုတိုင် ခွင့်ပြုမိန့်လျှောက်လွှာတင်ပြီး ဒီပွဲကို စီစဉ်ရတာ" ဟု ဦးမင်းမင်းက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရခြင်းသည် မဖြစ်သင့်သည့်အတွက် မကျေနပ် ဟု တရားစွဲဆိုခံရသူ ဝင်းကိုကိုလတ်၏ မိခင်ဖြစ်သူ ဒေါ်တင်မာက ပြောသည်။

"သူတို့က မှန်ကန်တယ်ထင်လို့ ဆန္ဒပြတဲ့အတွက် အန်တီကတော့ ဘာမှ မပြောလိုဘူး။အန်တီသားတွေ အမျိုးသားရေးလုပ်တာ အားပေးတယ်။ ကျေနပ်တယ်။ အခုလိုဖမ်းတာက သူတို့ကိုဖမ်းတာက ဘာ အကြောင်းပြချက်မရှိဘူးလို့ အန်တီ ထင်တယ်။ ငြိမ်းစုစီပုဒ်မနဲ့ ဖမ်းတာကတော့ လက်ခံတယ်။ ထားလိုက် တော့။ ၅၀၅(ခ) ပုဒ်မတပ်တာကတော့ အန်တီလည်း မကျေနပ်ဘူး။ကျန်တဲ့ အမျိုးသားရေးသမားတွေ လည်း မကျေနပ်ဘူး။ဒါဟာ မတရားဘူးလို့ ထင်တယ်" ဟု ဒေါ်တင်မာက ပြောသည်။

၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကောင်စီညီလာခံတွင် "ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း"ဟု သုံးနှုန်းခဲ့ခြင်းကို လက်မခံသည့်အတွက် ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အရှေ့ဖက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ တာမွေလူထုဟစ်တိုင်ထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးကို အဆိုပါအမှုအတွက် လာမည့် ဇွန်လ ၂၈ ရက် နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly