မန္တလေးတွင် ဖော်မလင်ပါသည့် ပဲပြားစက်ရုံ ၂ ရုံ ပိတ်သိမ်း

မန္တလေးတွင် ဖော်မလင်ပါသည့် ပဲပြားစက်ရုံ ၂ ရုံ ပိတ်သိမ်း
ဓာတ်ပုံ- FDA

မန္တလေးဈေးကွက်အတွင်း အဓိက ဖြန့်ဖြူးရောင်းချနေသော ပဲပြားစက်ရုံများအနက် ဖော်မလင်ပါသည့် ပဲပြားစက်ရုံ ၂ ရုံအား ဇွန်လ ၂၀ ရက်က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) နှင့် မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီတို့ ပူးပေါင်း၍ စစ်ဆေးလျက်ရှိရာ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

ဈေးကွက်ထဲတွင် ဖော်မလင်ပါသော ပဲပြားများကိုတွေ့ရှိရပြီးနောက် စက်ရုံများသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

'' ဈေးကွက်ထဲ ဖော်မလင်ပါတဲ့ ပဲပြားတွေ စစ်ဆေးတွေ့ရှိတော့ စက်ရုံတွေကို ရှောင်တခင် ဝင်စစ်တော့ ဖော်မလင်နဲ့ စက်ရုံတွေ လည်ပတ်နေတာ လက်ပူးလက်ကြပ်မိခဲ့တယ်။ သူတို့က ပဲပြားကို လုပ်နေတုန်း ထည့်တာ မဟုတ်ဘူး၊ ဒါပေမယ့် နယ်ပို့မယ် အဝေးပို့မယ့် ပဲပြားကို ကြာရှည်ခံဖို့ အရည်ဖျော်ထားတဲ့ ဖော်မလင်ထဲကို စိမ့်ပြီးမှာ ပို့ကြတာ တွေ့ရတယ်၊ စက်ရုံ နှစ်ခုကို ပိတ်သိမ်းထားပါတယ်။ နမူနာကောက်ပြီး စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်။ စစ်ဆေးမှုတွေက အရှိန်အဟုန်ြှမှင့်ပြီး ဆောင်ရွက်နေမှာပါ '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

FDA နှင့် ပူးပေါင်းအဖွဲ့သည် ရွေ့လျားဓာတ်ခွဲမော်တော်ယာဉ်ဖြင့် ဇွန်လ ၁၂ ရက်က ရတနာပုံ(စ)ဈေးတွင် ဈေးကွက်နမူနာ ကောက်ယူ စစ်ဆေးရာ A နှင့် T တံဆိပ်ပဲပြားများတွင် ဖော်မလင် အသုံးပြုမှု တွေ့ရှိခဲ့သည်အတွက် ဈေးကွက်အတွင်း ဆက်လက်စစ်ဆေးရာ 7, Y တံဆိပ် ပဲပြားများတွင် ထပ်မံတွေ့ရှိခဲ့ရာ အဆိုပါ ပဲပြားစက်ရုံများအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဖော်မလင် ကို အသုံးပြုရတာရှည်ခံစေရန် အသုံးပြုခြင်းဖြစ်ပြီး အစားအသောက်များတွင် အသုံးပြုပါက လူတွင် ဘေးအန္တရာယ်ဖြစ်စေသောကြောင့် FDA မှ တားမြစ်ထားသည်။

၂၀၁၆ ခုနှစ်၊ မတ်လမှ စတင်၍ မန္တလေး ဈေးချိုတော်ကို အဓိကထား၍ ခွင့်မပြု ဓာတုဆိုးဆေးများ ကင်းစင်ရေးကို စီမံချက်တစ်ရပ် ရေးဆွဲပြီးအကောင်အထည်ဖော်ခဲ့ရာ ယခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့်ဖြစ်အောင် အရှိန်မြှင့်တင်၍ ရှောင်တခင်စစ်ဆေးကာ အရေးယူလျက်ရှိသည်။

'' စစ်ဆေးမှုတွေအရ ပြောရရင် မိရိုးဖလား လုပ်ကိုင်လာကြတယ်၊ နည်းပညာ ကောင်းကောင်း မသိကြဘူး၊ နည်းစနစ် မှန်မှန်ကန်ကန် ထုတ်လုပ်ဖို့ ပဲပြားလုပ်ငန်းရှင်တွေနဲ့ ပြန်ပြီး ဆွေးနွေးသွားမှာပါ၊ နည်းပညာပေးသွားမှာပါ '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ပြည်သူလူထု၏ နေစဉ်စားသုံးနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်ဝမှုရှိစေရေး၊ မန္တလေးဈေးချိုတော်အား ဆိုးဆေးကင်းစင်သော စံပြဈေး တစ်ခုဖြစ်ပေါ်လာစေရေး၊ မန္တလေးမြို့ပေါ်ရှိအခြားဈေးများတွင်လည်း ဆိုးဆေးများကင်းစင်လာရေး၊ အစားအသောက်များတွင် ဆိုးဆေးများကင်းစင်လာသည်နှင့်အမျှ ပြည်သူများ၏ လူ့သက်တမ်း ပိုမိုတိုးတက်လာချိန်တွင် ဈေးသည်များ၏ စီးပွားရေးလည်း ပိုမိုကောင်းမွန်လာရေး စသည့် ရည်မှန်းချက်များဖြင့် စီမံချက်ကို FDA မှ အကောင်အထည်ဖော်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly