အလွတ်ကျက်မှတ် နည်းဖြင့် သင်ကြားခြင်းမဟုတ်၍ ပထမတန်းသင်ရိုးသစ်တွင်ပါသည့် ဘာသာရပ် ၉ခုကို လျော့ရန်မလိုဟု ဝန်ကြီးပြော

အလွတ်ကျက်မှတ် နည်းဖြင့် သင်ကြားခြင်းမဟုတ်၍ ပထမတန်းသင်ရိုးသစ်တွင်ပါသည့် ဘာသာရပ် ၉ခုကို လျော့ရန်မလိုဟု ဝန်ကြီးပြော
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဇွန် ၂၀ ။            ။ ပထမတန်း သင်ရိုးသစ်အတွက် ဘာသာရပ်ကိုးခု သတ်မှတ်ထားရာ လျော့ချပေးရန် ရခိုင်အမတ်၏ အကြံပြုမှုအပေါ် အလွတ်ကျက်မှတ်နည်းဖြင့် သင်ကြားခြင်းမဟုတ်၍ မလျော့ချနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောသည်။

ဇွန်လ ၂၀ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပပြုလုပ်သော အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်၏ အကြံပြုမှုကို ဝန်ကြီးက ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

“ကျောင်းသားများအတွက် အလွတ်ကျက်မှတ်နည်းများဖြင့် သင်ကြားခြင်းမဟုတ်ဘဲ ကျောင်းသားများ ပျော်ပျော်ရွှင်ရွှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စူးစမ်းလေ့လာပြီး သင်ယူရသည့် သင်ယူသူ ဗဟိုပြုနည်းလမ်းများကို ထည့်သွင်းရေးသား ထားတဲ့အတွက် ကျောင်းသားများ သင်ယူရာတွင် ဝန်ထုတ်ဝန်ပိုး မရှိနိုင်ပါကြောင်းနှင့် ဘာသာရပ်လျော့ချရန် လိုအပ်ခြင်းမရှိပါကြောင်း” ပြည်ထေင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးကဆိုသည်။

အမျိုးသားပညာရေးကော်မရှင်၏ ၆လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (၂၀၁၆ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ခုနှစ် ဧပြီလ အထိ) ထဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးဝေစိန်အောင်က KG+12 စနစ် ပထမတန်း သင်ရိုးသစ်တွင် သင်ရိုးဝင် ဘာသာရပ် ကိုးခု သတ်မှတ်ထားရာ ဘာသာရပ် အလွန်များပြားနေသဖြင့် ဘာသာရပ်တွင် ဘာသာရပ်နှစ်ခုလောက် လျော့ချသင့်ကြောင်း လွှတ်တော်တွင် အကြံပြု ဆွေးနွေးခဲ့သည်။

ယင်းအကြံပြုချက်အပေါ် ဝန်ကြီးက သင်ယူမှုနယ်ပယ်တွင် ဘာသာရပ်များပြားနေသော်လည်း တစ်ပတ်စာသင်ချိန်နှင့် တစ်နှစ်စာသင်ချိန်တို့ကို ယခင်စာသင်ချိန်များအတိုင်းကွာခြားမှုမရှိသော “မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ်သုံးခုအား တစ်နှစ်စုစုပေါင်း သင်ကြားချိန် ၄၃၂ နှာရီဖြင့် သင်ကြားချိန် အားလုံး၏ ၅၁.၄ရာခိုင်နှုန်းကို အသုံးပြု သင်ကြားပြီး ဒေသသင်ရိုးကို တစ်နှစ်စာ သင်ချိန် ၁၂၀ နာရီ ကျန်ဘာသာရပ်များကို တစ်နှစ်စာသင်ချိန် ၄၀၈နာရီဖြင့် သင်ကြား ပေးမှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိန်းကြီးက ဆိုသည်။

ထို့ အပြင် ပထမတန်းတွင် ကျောင်းသားကျောင်းသူများ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှု အဆင့်နှင့် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းထားသည်ဟုဆိုသည်။

စာရိတ္တ နှင့် စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊ စူးစမ်းလေ့လာခြင်း၊ အနုပညာရသခံစားခြင်း နှင့် ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောကကို သိရှိ နားလည်ခြင်းများ ရရှိအောင် သင်ရိုးညွှန်းတမ်းကို ဖွဲ့စည်းထားသည်ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့သည်။

အခြေခံပညာရေး စနစ်ကို KG+12 ထိ သတ်မှတ်ထားပြီး အခြေခံပညာရေးကို နိုင်ငံတကာတွင် သင်ကြားပေးနေသည့် အတိုင်း ၁၀ တန်းမှ ၁၂ တန်းအထိ ၂တန်းတိုးချဲ့ပြီး သင်ကြားနိုင်ရန်   ဆောင်ရွက်နေသည့် အပြင် အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ကိုလည်း နိုင်ငံ၏ လိုအပ်ချက်များနှင့် လိုက်လျော ညီထွေရှိစေပြီး နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်လည်း တပြေးညီ ဖြစ်စေရန်၊ သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲပြုစုရာတွင် သင်ရိုးညွှန်းတမ်းဘောင်တွင် ဖော်ပြထားသည့်အတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

အဆိုပါ အခြေခံပညာရေးစနစ် KG+12ကို ၂၀၁၆-၂၀၁၇ ပညာရေးနှစ်တွင် စတင် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly