Y-8 လေယာဉ် အစိတ်အပိုင်းအချို့ ရေပြင်ပေါ်ဆယ်ယူ

Y-8 လေယာဉ် အစိတ်အပိုင်းအချို့ ရေပြင်ပေါ်ဆယ်ယူ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဇွန် ၁၈ ။                  ။ ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းတစ်ချို့အား ရေပေါ်သို့ဆယ်ယူနိုင်ခဲ့ကြောင်း ယနေ့ ဇွန်လ ၁၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ရှိခဲ့သည် ဟုလည်း သိရသည်။

ယနေ့ ဇွန်လ ၁၈ ရက်တွင် ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်သို့တင်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ(မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ရာငြိနေကြောင်း သတင်းပေးပို့ခဲ့သည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံ ငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင်  စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly