ဘန်ကောက်က ယူနက်စကိုရုံးချုပ်ရှေ့ အသေးစားပေါက်ကွဲမှုဖြစ်၍ လမ်းဘေးအမှိုက်လှဲသူနှစ်ဦး ဒဏ်ရာရ

ဘန်ကောက်က ယူနက်စကိုရုံးချုပ်ရှေ့ အသေးစားပေါက်ကွဲမှုဖြစ်၍ လမ်းဘေးအမှိုက်လှဲသူနှစ်ဦး ဒဏ်ရာရ

ဘန်ကောက်၊ ဇွန် ၁၇ ။              ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ယူနက်စကိုရုံးချုပ်ရှေ့ ချုံပုတ်တွင်း ထောင်ထားသော လက်လုပ်ဖောက်ခွဲပစ္စည်း အသေးစားပေါက်ကွဲမှုကြောင့် လမ်းဘေးအမှိုက်လှဲသူနှစ်ဦး ဒဏ်ရာရသည်။

ဒဏ်ရာရသည့် အမှိုက်လှဲသူနှစ်ဦးမှာ စိုးရိမ်စရာ အန္တရာယ် မရှိကြောင်း၊ ကနဦးစုံစမ်းမှုအရ အနီးရှိ ကျောင်းမှ ကျောင်းသားများက ဖောက်ခွဲပစ္စည်းကို ချုံပုတ်အတွင်း   ထောင်ထားခဲ့ခြင်းသာ   ဖြစ်ဖွယ်ရှိကြောင်း၊ ချုံအတွင်း ဓားသုံးလေးလက်ကိုပါ တွေ့ရှိကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူ ဆူရာချိုင်းက ဆိုသည်။

ယခု ပေါက်ကွဲမှုမှာ နိုင်ငံရေးစေ့ဆော်မှုကြောင့်လည်း မဟုတ်သကဲ့သို့ ယူနက်စကိုနှင့်လည်း ပတ်သက်မှု မရှိကြောင်း ၎င်းက ပြောသည်။ ဗုံးရှာဖွေရှင်းလင်းရေးအဖွဲ့က ဖြစ်ပွားရာနေရာအပြင် အနီးတစ်ဝိုက်အထိ ရှင်းလင်းရှာဖွေမှုလုပ်ဆောင်ရာ နောက်ထပ်ပေါက်ကွဲစေတတ်သောပစ္စည်း တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

ဧပြီနှင့် မေလအတွင်း ဘန်ကောက်မြို့တွင်း ပေါက်ကွဲမှုများဖြစ်၍ လူအချို့ဒဏ်ရာရပြီးနောက် ထိုင်းအာဏာပိုင်များက ထောက်လှမ်းစုံစမ်းမှုများကို အားမြှင့်ထားသည်။

မေ ၂၂ ရက်က ဖလမ်မွန်ကတ်လို စစ်ဆေးရုံ  ဧည့်ကြိုဆောင်တွင် လက်လုပ်သံကွဲစဗုံး ပေါက်ကွဲမှုဖြစ်၍ စစ်သား၊ ရဲနှင့် အရပ်သားများအပါအဝင် လူ ၂၀ ဦး ဒဏ်ရာရခဲ့သည်။

ယင်းတိုက်ခိုက်ခံရမှု၌ ပါဝင်သည် သံသယရှိသူအား ဇွန် ၁၄ ရက်က ဖမ်းမိပြီး ၎င်းသည် လျှပ်စစ်ဌာန ဝန်ထမ်းဟောင်း အသက် ၆၂ ရှိ ဝါတနာပမ်ရတ်ဆိုသူဖြစ်ကာ ကိုယ်တိုင်လည်း ပြစ်မှုကို ဝန်ခံထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly