မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ကရေဘေးသင့်ဒေသများ သွားရောက်လှူဒါန်းမည်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ကရေဘေးသင့်ဒေသများ သွားရောက်လှူဒါန်းမည်

မန္တလေးမြို့၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း ကရေဘေးသင့်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်များသို့ ငွေသားနှင့် အစား အသောက်များ သွားရောက်လှူဒါန်းသွားမည်ဟု အသင်းအလုပ်မှုဆောင် အဖွဲ့ဝင် ဦးကျော်သွင် က ပြောသည်။

၎င်းက “ ၂၈ ရက်နေ့ (ဇူလိုင် ) က စအလှုခံတာ ၂ ရက်နေ့အထိ သိန်းသုံးရာကျော် ရနေပြီ။ သိန်းလေးရာကျော် ငါးရာခန့်အထိ လှူဒါန်းနိုင်မယ်လို့ မှန်းထားတယ်” ဟု ပြောသည်။

လှူဒါန်းရာတွင် အိမ်ထောင်တစ်စုလျှင် ငွေသားအပြင် ဆန်၊ ဆီ၊ ဆား ၊ ခေါက်ဆွဲခြောက် ထုတ်၊ ငါးသေတ္တာ၊ ရေသန့်ဆေးထုတ်၊ ဝတ်စုံများ စသည်ဖြင့် လှူဒါန်းရန် စီစဉ်လျက်ရှိပြီး ယင်း ဒေသများရှိ အသင်းသားများမှတစ်ဆင့် ချိတ်ဆက် လှူဒါန်းသွားမည်ဟုလည်း ဦးကျော်သွင်က ပြော သည်။

ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း၏ အလုပ်အမှုဆောင်အဖွဲ့သည်  သြဂုတ် ၂ ရက်ကပင် ရေဘေးသင့်ဒေသများ၌ ပါဝင်သည့် ကလေးမြို့နယ်နှင့် ပွင့်ဖြူ မြို့နယ်များတွင် လှူဒါန်းရန် လျာထားဆုံးဖြတ်ခဲ့ပြီး သြဂုတ် ၆ ရက်တွင် သင်းလုံးကျွတ်အစည်းအဝေး ခေါ်ယူ၍ ဆန္ဒ ခံယူသွားမည်ဟုလည်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လှူဒါန်းမှုများ ပြုလုပ်ရာတွင် ကလေးမြို့သို့ ရွှေမြန်မာ လေကြောင်းလိုင်းအကူအညီဖြင့် သွားရောက်မည် ဖြစ်ပြီး ပွင့်ဖြူမြို့နယ်ကိုမူ အသင်းမှ ကားများဖြင့် သွားရောက် လှူဒါန်းမည်ဟုလည်း ဦးကျော်သွင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly