Y-8 လေယာဉ်၏ ၅၈၂၀ အမှတ်အသားပါ ပျက်ကျလေယာဉ်အမြီးပိုင်း စတင်တွေ့ရှိ

Y-8 လေယာဉ်၏ ၅၈၂၀ အမှတ်အသားပါ ပျက်ကျလေယာဉ်အမြီးပိုင်း စတင်တွေ့ရှိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ဇွန် ၁၅ ။          ။ ယနေ့ ဇွန်လ ၁၅ ရက်၊ ညနေ ၅ နာရီ ၁၈ မိနစ်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ စတင်တွေ့ရှိခဲ့ပြီး ဒေသခံငါးဖမ်းစက်လှေက တွေ့ရှိခဲ့သည်ဟု သိရသည်။

Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တပ်မတော်စစ်ရေယာဉ်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ(မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ရာငြိနေကြောင်း သတင်းပေးပို့ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

အဆိုပါသတင်းပို့ချက်အရ ၎င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ် ၂ စီးတို့မှ ရေအောက်ရှာဖွေရေးကိရိယာ ဆိုနာဖြင့် ထပ်မံအတည်ပြုပြီး   ရေငုပ်စစ်သည်များက  ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မီတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအားရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့ မနက်ပိုင်းတွင်လည်း ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၃ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိတွင် ရုပ်အလောင်း ၉၀ ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပြီး ရုပ်အလောင်း ၁၈ လောင်းအား ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့ပြီး ယခုအချိန်ထိ စုစုပေါင်းရုပ်အလောင်း ၈၉ လောင်းအား သဂြိၤုလ်ပေးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly