၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေးမိဘများ စင်ကာပူသို့ လိုက်သွားမည်

၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေးမိဘများ စင်ကာပူသို့ လိုက်သွားမည်
ဓာတ်ပုံ-အင်ဒိုနီးရှားသူအမျိုးသမီးမှ သေဆုံးသူမိန်းကလေး၏ စာအုပ်အား လူမှုကွန်ယက်ပေါ်သို့ တင်ထားစဉ်။

ရန်ကုန်၊ ဇွန် ၁၅ ။           ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့် ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ဇွန် ၁၂ ရက် ညနေပိုင်း အချိန်က မြန်မာအိမ်အကူ မိန်းကလေးတစ်ဦး ခုန်ချအဆုံးစီရင်ခဲ့ပြီး ယင်းအဖြစ်မှန်သိရှိနိုင်ရန်အတွက် ဖခင်ဖြစ်သူအပါအဝင်သုံးဦးက ဇွန်လ ၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ သွားမည်ဖြစ်ကြောင်း သေဆုံးသူ မိန်းကလေး မဇင်မာဦး၏ဖခင် ဦးမောင်တင်ရွှေက မဇ္ဈိမသို့ ပြောသည်။

“ စင်ကာပူနိုင်ငံလိုက်သွားကြမှာပေါ့။ သမီးလေး ခုလိုဖြစ်သွားတယ်ဆိုတာကလည်း ဖေ့စ်ဘုတ်မှာ ဗီဒီယို တက်လာမှ သိတယ်လေ။ ခုက အကျိုးအကြောင်းကိုလည်းဘာမှ မသိဘူးလေ။ ကျွန်တော့် သမီးလေးက လိမ်မာတဲ့ သမီးလေးပါ။ ခုလိုဖြစ်သွားတာ ဘာကြောင့်လဲဆိုတာ ဇဝေဇဝါဖြစ်နေတယ်။ သေချာမသိရဘူး။ အဖြစ်မှန် သိချင်တယ် ။ အဖေတစ်ယောက်အနေနဲ့။ ခုလောလောဆယ် သိတာတော့ အိမ်ရှင်က နှိပ်စက်သလိုမျိုးပဲ ဖြစ်နေတယ်။ ဒါတွေကို ဖော်ထုတ်ပြီး သက်ဆိုင်ရာက ထိထိရောက်ရောက်လည်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါကြောင့် သွားမှာပါ” ဟု ဦးမောင်တင်ရွှေက ပြောသည်။

အဆိုပါ စင်ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာမိန်းကလေးမှာ ရခိုင်ပြည် နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျကျေးရှုွာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မြိုတိုင်းရင်းသူ မဇင်မာဦး ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်နေသည်မှာ ၁၁ လခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းဦးလေးတော်စပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

“ သူ စင်ကာပူ အလုပ်သွားလုပ်တာက ပွဲစားကတစ်ဆင့်သွားလုပ်တာပါ။ ၁၁ လလောက်ရှိပြီ အဲ့ဒီမှာ အလုပ် လုပ်တာ။ လစာက မြန်မာငွေနဲ့ဆို လေးသိန်းခွဲလောက်ရတယ်။ ၇ လစာတော့ ပွဲစားကိုပေးရတယ်တဲ့။ ၄လစာလောက်တော့ သူရတာပေါ့။ သူအသက်က ၂၁ နှစ်ပါ။ ဟိုထဲမှာတော့ အလုပ်သဘောအရ ၂၅ နှစ်လို့ရေးထားတာ။ ခု သူအဖေနဲ့၊ ဦးလေးတစ်ယောက်နဲ့၊ ရွာကတစ်ယောက်နဲ့ သုံးယောက်ပေါ့။ စင်ကာပူ လိုက်သွားဖို့ ပြင်နေတယ်”ဟု ဦးအောင်ဆန်းဦးက ပြောသည်။

အဆိုပါ ၁၈ လွှာမှ ခုန်ချခဲ့သော အိမ်အကူမိန်းကလေးဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၃ ရက် နံနက်မှ စတင်ပျံ့နှံ့နေပြီး အိမ်အကူမိန်းကလေး ကွန်ဒိုတိုက်ခန်းမှ မခုန်ချမီ ကယ်ဆယ်ရန် ကြိုးစားနေ သည့် ဗီဒီယိုဖိုင်များနှင့် ခုန်ချအဆုံးစီရင်သည့် ဗီဒီယိုဖိုင်များလည်းပါရှိသည်။

“ အဓိက ကျွန်တော်တို့ စင်ကာပူကို လိုက်သွားမယ့်ရည်ရွယ်ချက်က တူမလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး စင်ကာ ပူသံရုံးက တာဝန်ရှိသူတွေ၊ မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ အဲ့ဒီမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့ တူမလေးဒီလိုဖြစ်သွားတဲ့အပေါ်မှာ ဘာကြောင့် ဖြစ်သွားလဲဆိုတာကို စုံစမ်းပြီးတော့ ထိထိရောက်ရောက် အရေးယူပေးဖို့အတွက် သွားမှာဖြစ်ပါတယ်”ဟု သေဆုံးသူမိန်းကလေး၏ ဦးလေးတော်စပ်သူ ဦးသာထွန်းအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ စင်ကာပူနိုင်ငံရှိ အထပ်မြင့်ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ မြန်မာ အိမ်အကူမိန်းကလေး ခုန်ချအဆုံးစီရင်ခဲ့မှုနှင့် ပတ်သက်ပြီး ပို့ဆောင်ခဲ့သူပွဲစားများအား ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် ဇွန်လ ၁၄ ရက်နေ့က အမှုဖွင့်ထားကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် အဆိုပါမိန်းကလေး၏ အဘိုးနှင့် အဘွားကို  ကူညီထောက်ပံ့ရန် အလှူငွေများ ကောက်ခံလျက်ရှိကြောင်း လူမှုကွန်ယက်ပေ့ချ်များတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly