အထည်ချုပ်စက်ရုံမှ အမျိုးသမီးအလုပ်သမားများ အိမ်အပြန်ဘေးကင်းလုံခြံုမှုပါ လိုအပ်နေ

အထည်ချုပ်စက်ရုံမှ အမျိုးသမီးအလုပ်သမားများ အိမ်အပြန်ဘေးကင်းလုံခြံုမှုပါ လိုအပ်နေ

ရန်ကုန်၊ ဇွန် ၁၅ ။         ။ အထည်ချုပ်စက်ရုံမှ အမျိုးသမီးအလုပ်သမားများအတွက် လုပ်ငန်းခွင်တွင်းသာမက အလုပ်သွား၊ အလုပ်ပြန်ချိန်တွင်း ဘေးကင်းလုံခြုံမှုရှိရန် လိုအပ်ကြောင်း Action Labour Right အဖွဲ့မှ မမိုးစန္ဒာမြင့်က ပြောသည်။

ဇွန်လ ၁၅ရက်နေ့ Summit Parkview Hotel မှာ ကျင်းပခဲ့သည့် Action Aid အဖွဲ့က ထုတ်ပြန်ထားသည့် ရန်ကုန်မြို့တွင်း အမျိုးသမီး  အထည်ချုပ်စက်ရုံအလုပ်သမားများ၏ လုံခြုံရေးအပေါ် ဆန်းစစ်ခြင်း စာတမ်း မိတ်ဆက်ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

" တစ်ချို့ကြတော့ အိမ်နဲ့နီးတဲ့ ကျူးကျော်ရပ်ကွက်တွေမှာ နေကြတာရှိတယ်။ အဲ့တော့ သူတို့ဖယ်ရီ မစီးတာမျိုးတွေ ရှိတယ်။အသွားအပြန် ဖယ်ရီမစီးဘဲ လမ်းလျှောက်သွားတာမျိူးတွေ ရှိတယ်။ ဒါပေမဲ့ ဒီဘက်မှာက မီးပျက်တာမျိုးတွေ ရှိတယ်။လမ်းမှာ ခိုးဆိုးလုယက်တွေက အမျိုးမျိုး အစ်မတို့ လှိုင်သာယာမှာ ဖြစ်ပွားနေတာပဲလေ။ အစ်မတို့အလုပ်သမားတွေလည်း အမြဲကြုံတွေ့နေရတာပေါ့နော်။ အဲ့လိုရှိတယ်ဆိုတော့ ပြောချင်တာကတော့ အစ်မတို့ လှိုင်သာယာမှာပေါ့နော် ။ မီးအားနည်းတဲ့နေရာမျိုးတွေမှာ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံထားပေးမယ်ဆိုရင် ဘေးအန္တရာယ်တွေ အများကြီး လျော့ကျသွားမယ်လို့ မျှော်လင့်ပါတယ်" ဟု မမိုးစန္ဒာမြင့်က မဇ္ဈိမကို ပြောသည်။

အဆိုပါစာတမ်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀တွင် လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်သား ၁၀၀နှင့် ဆွေးနွေးပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစာတမ်းမိတ်ဆက်ပွဲတွင် Action Aid Myanmar ၏ အမျိုးသမီးအခွင့်အရေးဌာန မန်နေဂျာ မလွင်လွင်လှိုင်က စာတမ်းမှာ ပါဝင်တဲ့ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

အထည်ချုပ်စက်ရုံမှ အမျိုးသမီးအလုပ်သမားများ သွားလာလုံခြုံရေးသာမက ခွင့်ယူမှုအနေအထား ခက်ခဲမှုများအကြောင်းပါ ထည့်သွင်း ပြောဆိုခဲ့ကြသည်။

" သူတို့မှာတစ်ခုခု Emergency(အရေးပေါ်) ဖြစ်နေလို့ ခွင့်ယူပြီဆိုရင် ခွင့်ယူဖို့က နည်းနည်းခက်ခဲတဲ့ အနေအထား ဖြစ်တယ်။ လုပ်သက်ရင့်မှ ယူလို့ရမယ့် အနေအထားမျိုးလည်း တွေ့တယ်။ သုံးရက်လောက်ယူရင် တစ်ခါတည်း အလုပ်ပြုတ်ပြီးတော့မှ အစကပြန်လျှောက်ရတဲ့ပုံစံတွေလည်း ကျွန်မတို့တွေ့ရတာပေါ့။ အဲ့ဒီတော့ အမျိုးသမီးတွေနဲ့ ကျွန်မတို့ တွေ့ဖို့ဆိုတာက တော်တော်ခဲယဉ်းတဲ့ အနေအထားလို့ တွေ့ရတယ်" ဟု Action Aid Myanmar ၏ အမျိုးသမီးအခွင့်အရေးဌာန မန်နေဂျာ မလွင်လွင်လှိုင်က စစ်တမ်းကောက်ယူစဉ် ကြုံခဲ့ရပုံများကို ပြောသည်။

အဆိုပါစာတမ်းနှင့်ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက စစ်တမ်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံး ခြုံငုံမိအောင် ကောက်ခံသင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

" တစ်နိုင်ငံလုံးမှာ စက်ရုံ ၄၄၀ရှိတဲ့အထဲမှာ ၂၀လောက်ကိုပဲ မေးပြီးတော့ စာတမ်းထုတ်လို့မရပါဘူး။ တချို့ဟာတွေက ခံစားချက်တွေ ရှိကောင်းရှိမယ်။တချို့အလုပ်ရှင်တွေက တကယ်မလိုက်နာတာမျိူး ရှိကောင်းရှိမယ်။တချို့အလုပ်သမားတွေကတော့ မသိတာတွေလည်း ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါကြောင့်မို့လို့ ဒီ ActionAid ရဲ့စာတမ်းအပေါ်မှာ တာဝန်ယူရမယ်။ ခုနက ညီမလေးပြောသွားတဲ့ သူတို့စက်ရုံတွေ တကယ်ဖြစ်နေပါတယ်ဆိုရင် အဲ့ဒီစက်ရုံ ၂၀ကို ဒီပွဲပြီးတာနဲ့ ကျွန်မ နာမည်စာရင်းယူမယ်။ပြီးတော့ အဲ့ဒီကို ကျွန်မသွားပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ ရှိတယ်ဆိုတာနဲ့ ချက်ချင်းသွားပြီးတော့ ဒီဟာတွေ ဟုတ်လား၊မဟုတ်လားဆိုတာနဲ့ ကျွန်မသွားပြီးတော့ လုပ်ပါမယ်။ ပြီးရင် ဒီဟာအတွက်ကို ကျွန်မပြန် report(စာတမ်း)ထုတ်မယ် " ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် အထည်ချုပ်စက်ရုံပေါင်း ၄၄၀ခန့် ရှိပြီး အမျိုးသမီးအလုပ်သမားပေါင်း (၃)သိန်းခန့် ရှိနေကြောင်း Action Aid အဖွဲ့က ထုတ်ပြန်ထားသည့် ရန်ကုန်မြို့တွင်း အမျိုးသမီး  အထည်ချုပ်စက်ရုံအလုပ်သမားများ၏ လုံခြုံရေးအပေါ် ဆန်းစစ်ခြင်း စာတမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly