ရန်ကုန်၊ အမျိုးသားသွေးဌာနက ကြိုတင်ရက်ချိန်းယူနိုင်သည့် စနစ်ပါ၀င်သော ဝက်ဆိုက်တစ်ခုကို ထူထောင်နေ

ရန်ကုန်၊ အမျိုးသားသွေးဌာနက ကြိုတင်ရက်ချိန်းယူနိုင်သည့် စနစ်ပါ၀င်သော ဝက်ဆိုက်တစ်ခုကို ထူထောင်နေ

ရန်ကုန်၊ ဇွန် ၁၄ ။           ။ သွေးလှူရှင်များ သွေးလှူဒါန်းရာမှာတွင် အချိန်ကြန့်ကြာသည့် အခက်အခဲများမရှိအောင် ကြိုတင်ရက်ချိန်းယူနိုင် သည့် စနစ်ပါဝင်သော တရားဝင်ဝက်ဆိုက်တစ်ခုကို ထူထောင်နေသည်ဟု ရန်ကုန်၊ အမျိုးသားသွေးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာအောင်က ပြောကြားသည်။

ယခုနှစ်အတွင်း သွေးလှူဒါန်းမှု များပြားလာသည့်အတွက် သွေးလှူရှင်များ အချိန်ကြန့်ကြာမှု အခက်အခဲများ ကြုံ တွေ့ခဲ့ရသည့်အတွက် ယခုလို စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

"ဒီဝက်ဆိုက်ကို ဝင်ကြည့်ပြီး လိုအပ်တာတွေလည်း ဝင်ရောက်အကြံပြုလို့ရမယ်။ မသိသေးတာတွေလည်း ဝင် မေးလို့ရတယ်။ ကြိုတင်ရက်ချိန်းယူတဲ့စနစ်က အဲဒီမှာ ခလုတ်လေးတွေ ရှိတယ်။ နှိပ်ပြီးတော့ တစ်ဆင့်ချင်းစီ ဆောင်ရွက်ရုံပဲ။ ဒီကို လူကိုယ်တိုင်လာစရာမလိုပဲ သွေးလှူမယ့်ရက်ကို ကြိုပြီးယူထားလို့ရတယ်။ ဥပမာ စနေ နေ့ ကျွန်တော်လာချင်တယ်။ ခလုတ်ကို နှိပ်ကြည့်လို့ ပွင့်တယ်ဆို လာလို့ရတယ်။ မပွင့်ရင်တော့ မလာနဲ့တော့ ပေါ့။ ဒီမှာ လူပြည့်သွားပြီဖြစ်မှာ။" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်သီတာအောင်က ပြောသည်။

အဆိုပါဝက်ဆိုက်အကြောင်းအသေးစိတ်ကို ဇွန်လ ၁၈ ရက်၌ သူနာပြုတက္ကသိုလ်တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနား၌ ရှင်းလင်းတင်ပြသွားမည်ဟု အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်သီတာအောင်က ဆက်လက်ပြောပြသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်း အသီးသီးက လာရောက်သွေးလှူဒါန်းမှုများရှိသလို သွေးလှူရှင်များအတွက် အစားအသောက်နှင့်ဆေးဝါးများ ဒါနပြုကြသည်လည်း မြင်တွေ့ရသည်။

"ကိုယ်ရဲ့သွေးနဲ့ သူများက အသက်ဆက်တယ်ဆိုတာ အင်မတန်မွန်မြတ်တဲ့အလုပ်၊ လူ့အသက်ကို ကယ်တာပဲ လေ။ ဒါကြောင့် သွေးလှူဖို့ အမြဲတိုက်တွန်းတယ်။" ဟု သွေးလှူရှင်များအား အစားအသောက်နှင့်ဆေးဝါးများ လာရောက်လှူဒါန်းသည့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း မအိအိမွန်က ပြောသည်။

လက်ရှိအနေအထားတွင် အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းမှုများသည် တစ်နေ့လျှင်အလှူရှင်ဦးရေ ၅၀ နှင့် ၁၀၀ ဝန်းကျင်ပုံမှန်ရှိပြီး စနေ၊ တနင်္ဂနွေရက်မျိုးတွင် အလှူရှင်ဦးရေ ၇၀၀ ဝန်းကျင်အထိ ရှိတတ်သည်ဟု သိရ သည်။ ထို့ပြင် လှူဒါန်းမှုပုံစံမှာလည်း တစ်ဦးချင်းထက် အဖွဲ့လိုက်လှူဒါန်းမှုများက ပိုများလာသည်။ ၂၀၁၄ ခုနှစ် က တစ်ဦးချင်းလှူဒါန်းမှုသည် ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်လှူဒါန်းမှုသည် ၅၀ ရာခိုင်နှုန်းတူညီခဲ့သည်။ ယခုနောက်ပိုင်းတွင် အဖွဲ့လိုက် လှူဒါန်းမှုက ၇၀ ရာခိုင်နှုန်းအထိ များပြားလာသည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly