မြဝတီမှ ရန်ကုန်လာသည့် အဝေးပြေးယာဉ်ပေါ် ခရီးသည်တစ်ဦး သေဆုံး

မြဝတီမှ ရန်ကုန်လာသည့် အဝေးပြေးယာဉ်ပေါ် ခရီးသည်တစ်ဦး သေဆုံး
ဓာတ်ပုံ - စခန်းတာဝန်ခံ ကိုထင်လင်းအောင်

ရန်ကုန်၊ ဇွန်လ ၁၄ ။             ။ ကရင်ပြည်နယ် မြဝတီမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ခိုင်ဝတီခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦး ဇွန် ၁၄ရက် နံနက် ၆နာရီက ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်းအရောက်တွင် ယာဉ်ပေါ်၌ သေဆုံးနေသည်ကို တွေ့ရကြောင်း ပုလဲမြို့သစ် မီးသတ်စခန်းမှ စခန်းတာဝန်ခံ ကိုထင်လင်းအောင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

“စပယ်ယာ၊ ဒရိုက်ဘာက လူတွေဆင်းတဲ့အချိန်မှာ သူမဆင်းသေးလို့ဆိုပြီးတော့ သွားနှိုးတယ်။ ပထမ ဟိုတစ်ခါဖြစ်သလိုပဲ။ သွားနှိုးတော့ သေဆုံးနေတာ တွေ့ရတာပေါ့နော်။ သေဆုံးသူရဲ့ မှတ်ပုံတင်တွေ၊ သန်းခေါင် စာ ရင်းအထောက်အထားတွေ ရတယ်။ အခုတော့ သေဆုံးသူရဲ့ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရသွားပြီလို့ ကြားတယ်။ ရောဂါကတော့ သူမှာသွေးတိုးရောဂါအခံရှိတယ်လို့တော့ သူ့အမျိုးတွေပြောပြချက်အရ သိရတယ်။ ပြင်ပဒဏ်ရာက ဘာမှမရှိဘူး။ ကားက အဆင့်မြင့်တဲ့ကား အနေအထားမျိုးမဟုတ်ဘူးဗျ။ ကုန်နဲ့ လူနဲ့ တင်တဲ့ကားပါပဲ”ဟု အဆိုပါ သွားရောက်ကူညီပေးခဲ့သည့် စခန်းတာဝန်ခံ ကိုထင်လင်းအောင်က ဖြစ်စဉ်ကို ပြောပြသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မေဓါဝီဆေးရုံကြီးသို့ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ကူညီပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း တောင်ကြီး - ရန်ကုန် ပြေးဆွဲနေသော  ရွှေစင်စြင်္ကာအဝေးပြေး ယာဉ်ပေါ်တွင်လည်း အလားတူ ဇွန်လ ၉ ရက်နေ့က အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly