မြောက်ဦးတွင် မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ်များပျက်စီး

မြောက်ဦးတွင် မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ်များပျက်စီး
(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန်လ ၁၃ ။          ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် မုန်တိုင်းငယ်အရှိန်ကြောင့် ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီက လေပြင်းတိုက်ခိုက်ခဲ့သဖြင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း ပြန်ကြားဌာနမှ ဇွန်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လေပြင်းမှာ မြောက်ဦးမြို့နယ် သံချောင်းကျေးရွာနှင့် ပီပင်ရင်းကျေးရွာများတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓနိမိုး၊ ထရံကာ နေအိမ်နှစ်လုံးမှာ လုံးဝပျက်စီးသွားပြီး သွပ်မိုး၊ ထရံကာ နေအိမ်တစ်လုံးနှင့် ဓနိမိုး၊ ထရံကာ နေအိမ်သုံးလုံး အနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ် ၆ လုံးတွင် နေထိုင်သူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦးရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ပြိုကျသွားသော   နေအိမ်များအား ရွှေ့ပြောင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

မြောက်ဦးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှလည်း လေဘေးသင့် ပြည်သူ ၃၁ ဦးအတွက် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly