တပ်မတော်Y-8 လေယာဉ်ပျက်ကျမှုရှာဖွေရေး စစ်ဦးစီးအရာရှိချုပ်(ရေ) နှင့် စစ်ဦးစီးအရာရှိချုပ်(လေ) တို့ သွားရောက်

တပ်မတော်Y-8 လေယာဉ်ပျက်ကျမှုရှာဖွေရေး စစ်ဦးစီးအရာရှိချုပ်(ရေ) နှင့် စစ်ဦးစီးအရာရှိချုပ်(လေ) တို့ သွားရောက်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန်လ ၁၁ ။            ။ ပျက်ကျခဲ့သည့် Y-8 လေယာဉ် ပြန်လည်ရှာဖွေ တွေ့ရှိရေးနှင့် ရုပ်အလောင်းများပြန်လည် ဆယ်ယူရရှိနိုင်ရေးအတွက် စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် စစ်ဦးစီးအရာရှိချုပ်(လေ)တို့က ယနေ့ ဇွန်လ ၁၁ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ကာ အနီးကပ်ကြီးကြပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ယနေ့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က စန်းလန်းကျေးရွာကမ်းခြေ၌ အခြေပြု၍လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ)က ရဟတ်ယာဉ်ဖြင့်လိုက်ပါ၍ လည်းကောင်း အနီးကပ်ကြီးကြပ် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ရှာဖွေရေးလုပ်ဆောင်ရာတွင် ယနေ့ ညနေ ၄ နာရီအထိ ရုပ်အလောင်း ၂၆ လောင်း ထပ်မံဆယ်ယူရရှိခဲ့ပြီး ရုပ်အလောင်း ၅၉ လောင်းအထိ ရှိလာသည်။

ယနေ့ ရှာဖွေတွေ့ရှိမှုတွင် ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း ပါဝင်ခဲ့ပြီး အမျိုးသားရုပ် အလောင်း ၈ လောင်း၊ ကလေးရုပ်အလောင်း ၁ လောင်း၊ လောင်းလုံဘုတ်ကျွန်းအနီး၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ်နှစ်စီး က အမျိုးသားရုပ်အလောင်း ၄ လောင်းနှင့် အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ပြင် ဒေသခံငါးဖမ်းလှေများမှ အမျိုးသားရုပ်အလောင်း ၁၀ လောင်းထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ရုပ်အလောင်း ၂၆ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါလေယာဉ်တွင် ကလေးငယ် ၁၅ ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၀၈ ဦး လိုက်ပါလာခြင်းဖြစ်သည်။ ထို့ပြင် လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါလာပြီး စုစုပေါင်း ၁၂၂ ဦးပါဝင်သော လေယာဉ်သည် ဇွန်လ ၇ ရက်က ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံပြည်သူ များအတွက် ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများကို နယ်မြေတပ်မိသားစု၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများက ချက်ပြုစီမံ၍  အသင့်စားသုံးနိုင်ရေး လိုက်လံဝေငှပေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly