လစ်ဗျားကမ်းရိုးတန်း၌ လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၈ဦးသေဆုံး

လစ်ဗျားကမ်းရိုးတန်း၌ လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၈ဦးသေဆုံး

 ဇွန် ၁၁ ။               ။ ဥရောပတိုက်သို့ ဦးတည်ကာထွက်ခွာလာသော ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသည့် လှေသည် လစ်ဗျားကမ်းရိုးတန်း၌ နစ်မြုပ်ခဲ့သောကြောင့် ၈ဦးခန့် ရေနစ်သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀၀ခန့် ပျောက်ဆုံးနေ ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက စနေနေ့တွင် ပြောခဲ့သည်။

လူ ၁၂၀ခန့်ကို တင်ဆောင်နိုင်သော လေသွင်းထားသည့်လှေပေါ်၌ အလောင်း ၈ လောင်းကို ရှာတွေ့ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဖာသီအယ်လ်ရာယာနီက ပြောခဲ့သည်။

ဒါ့အပြင် အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ခန့် ပျောက်ဆုံးနေကြောင်း သူက ခန့်မှန်းပြောဆိုခဲ့သည်။

လေလျော့နေသောအဆိုပါလှေကို ဂါရာဘူလီမြို့အနီး၌ ရှာတွေ့ခဲ့ကာ အတွင်းထဲမှ အလောင်းများကို ကမ်းခြေ စောင့်တပ်ဖွဲ့များက ရှာတွေ့ခဲ့ကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော လစ်ဗျားနိုင်ငံသည် ဥရောပတိုက်သို့ သွားရောက်ကာ ရွှေ့ပြောင်းနေထိုင်လို သူများအတွက် ရည်မှန်းချက်မရောက်ခင် ဖြတ်သန်းနင်းလျှောက်သွားရသည့် လှေကားထစ်တစ်ခုလို ဖြစ်နေသည်။

ရွှေ့ပြောင်းနေထိုင်သူ ၆၁၂၅၀ခန့်သည် ယခုနှစ်မှစတင်၍ မြေထဲပင်လယ်ကိုဖြတ်ကာ အီတလီနိုင်ငံထဲသို့ ဝင်ရောက်နေပြီး လာရာလမ်း၌ ၁၇၇၈ဦးခန့်သည် သေကြေပျောက်ဆုံးခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ပြောခဲ့သည်။

အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြီးခဲ့သော သောကြာနှင့် ကြာသာပတေးနေ့တွင် ရွှေ့ပြောင်းနေထိုင်သူ ၉၀၀ ကျော်ကို လစ်ဗျားကမ်းရိုးတန်းမှ ကယ်ဆယ်ခဲ့ရကြောင်း ပြောခဲ့သည်။

လစ်ဗျားရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အာရွတ်ကွာဆမ်ကလည်း ပြီးခဲ့သော သောကြာနေ့တွင် ထရီပိုလီမြို့အနောက်ပိုင်းရှိ ဇာဝီယာမြို့၌ ကမ်းခြေစောင့်တပ်များ ကင်းလှည့်နေချိန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၅၇၀ကျော်ကို သယ်ဆောင်လာသော လေသွင်းထားသည့် လှေ ၅စီးနှင့် သစ်သားလှေ ၂စီးကို ကြားဖြတ်တွေ့ရှိ ခဲ့ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags