ပြည်မြို့ မူယာပင် ကျောင်းကိစ္စ ဧည့်လာတွေ့သူများက ဆရာမများကို တစ်ဖက်သတ် ဆဲဆို ရန်ပြု ခြင်းသာဖြစ် ဟုဆို

ပြည်မြို့ မူယာပင် ကျောင်းကိစ္စ ဧည့်လာတွေ့သူများက ဆရာမများကို တစ်ဖက်သတ် ဆဲဆို ရန်ပြု ခြင်းသာဖြစ် ဟုဆို

ပြည်၊ ဇွန် ၁၁ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မူယာပင်ရပ်ကွက် အထက်ကျောင်းခွဲတွင် ဧည့်လာတွေ့သူ လူငယ် လေးဦးက ဆရာမများကို တစ်ဖက်သတ် ဆဲဆိုရန် ပြုခဲ့ခြင်းဖြစ် ပြီး နှစ်ဖက်ရန်ဖြစ်ခဲ့ခြင်းမဟုတ် ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည် ။

"စာသင်ချိန်မှာ ဝင်ပြီး တစ်ဖက်သတ် အလုပ်ခံရတာပါ။ နှစ်ဖက်ရန် ဖြစ်တယ် ဆိုတာမဟုတ်ပါဘူး "ဟု ပညာရေးဝန်ထမ်း တစ်ဦးက ဆိုသည် ။

ဇွန်လ ၇ ရက် နေ့လည်ပိုင်း ကျောင်းစာသင်ချိန်တွင် ဒုတိယတန်း (က) မှ ကျောင်းသား မောင်ဝိုင်းချစ်ကို ဦးလေးဖြစ်သူ ကျော်ကြီး(ခ) ကျော်မျိုးသူ (၁၆) နှစ် မင်္ဂလာဦးရပ် ရွာဘဲရပ်ကွက်နေသူ နှင့် လူငယ် ၃ ဦး စုစုပေါင်းလူငယ် ၄ ဦး  လာရောက်တွေ့ဆုံခဲ့သည်။ ဆရာမများက ကျောင်းစာသင်ချိန်ဖြစ်၍ တွေ့ဆုံခြင်းမပြုရန်ပြောသည့်အခါ လူငယ်များက မကျေနပ်ဖြစ်ပြီး ဆရာမများကို ဆဲဆိုကြိမ်းမောင်းခဲ့ကြသည်။

ဆရာမများက  ကျောင်းအုပ်ဆရာမကြီးသို့ တင် ပြရန် သွားရောက်စဉ် လူငယ်များက ဆွဲလားရမ်းလားလုပ်ခြင်း ၊ လက်ဖြင့်တွန်းခြင်း ၊ ညစ်ညမ်းစွာဆဲဆိုခြင်းများ ထပ်မံပြုလုပ်ခဲ့သည်။

ဆရာဆရာမများကို ထိုသို့မပြုလုပ်ရန် ကျောင်းသား ကျောင်းသူများက ဝင်ရောက်ပြောဆိုရာ  လူငယ်တစ်ဦးဖြစ်သူ ကျော်ကြီးက အရိုးအသွား ၈ လက်မ ခန့် ရှိသုံးမြှောင့် စကေဘာ ဖြင့်ထိုးခြင်း ၊ ကျန်တစ်ဦးက အုတ်ခဲကျိုးဖြင့် ထုရိုက်ခြင်း ၊ ကျန်နှစ်ဦးက လက်သီးဖြင့်ထိုးကြိတ်ခြင်း များပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်သဖြင့် အသက် ၁၇ နှစ်အရွယ် ဒသမတန်းကျောင်းသား  ယာလက်ဖျံ ပွန်းခြစ်ဒဏ်ရာတစ်ချက် ၊ ဦးခေါင်းဝဲဘက်ဂျိုစောင်း ဖူးယောင်ဒဏ်ရာတစ်ချက် ၊ ရရှိခဲ့ပြီးသည်။

အကြောင်းကိစ္စနှင့်ပတ်သက်ပြီး ကျော်ကြီးပါ လူငယ် ၄ ဦးကို ပြည်မြို့မရဲစခန်းတွင် (ပ) ၁၂၁၂/၂၀၁၇  ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၃၅၄/၃၂၄/၃၂၃/၁၁၄ တို့ဖြင့် အမှုဖြင့် အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly