မုံရွာမြို့အဝင်မှ မအူဆီဆိုင်တန်းအား ဖယ်ရှားမည်

မုံရွာမြို့အဝင်မှ မအူဆီဆိုင်တန်းအား ဖယ်ရှားမည်

မုံရွာ၊ ဇွန် ၉။                   ။ မုံရွာမြို့အဝင်များမှ မအူဆီဆိုင်တန်းအား မြို့သန့်ရှင်းသာယာရေးအတွက် ဖယ်ရှားသွားမည် ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ပြောသည်။

မုံရွာမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက်ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အစိုးရရုံးတွင် ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မုံရွာ-မန္တလေးကားလမ်းဘေးရှိ မအူ စက်သုံးဆီအရောင်းဆိုင်များသည် မုံရွာမြို့အဝင်မုခ်ဦးအနီးတွင် ရှိပြီး မီးဘေးအန္တရာယ်ရှိသည့်အတွက် ဖယ်ရှားခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းမကြီးဥပဒေအရ လမ်းနယ်နမိတ်နဲ့ လွတ်ကင်းမှုမရှိပါဘူး၊ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်မရှိခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းတို့ကြောင့် ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။" ဟု မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ပြောသည်။

ထို့ပြင် မုံရွာမြို့ဝင် ပတ်လည်မှ စက်သုံးဆီအရောင်းဆိုင်တန်းများအားလုံးကို ဖယ်ရှားမည်ဖြစ်ပြီး တရားမဝင်စက်သုံးစီအရောင်းများကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မအူဆီဆိုင်တန်းများသည် ၁၉၉၇-၉၈ ခုနှစ်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နှင့်ဝေးရာတွင်နေရာချထားပေးခဲ့ပြီး ပေ ၂၀ ပတ်လည်ဆိုင်ခန်းပေါင်း ၅၀ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly