မြို့တွင်းပတ်ယာဉ်လိုင်းများကို ကားအသစ်စက်စက်များဖြင့် ပြေးဆွဲမည်

မြို့တွင်းပတ်ယာဉ်လိုင်းများကို ကားအသစ်စက်စက်များဖြင့် ပြေးဆွဲမည်
ဓာတ်ပုံ - မျိုးပြည့်သင်း

ရန်ကုန်၊ဇွန်၁၀ ။            ။ ရန်ကုန်မြို့တွင်းပတ်ယာဉ်လိုင်းများဖြစ်သည့် ၅၆ ၊ ၅၇ နှင့် ၅၈ ယာဉ်လိုင်းများအား အသစ်စက်စက် ကားသစ်များဖြင့်သာ ပြေးဆွဲတော့မည်ဖြစ်သည်ဟု သိရသည်။

"မြို့တွင်းကတော့ နောက်ပိုင်းကျရင် Brand New (ကားအသစ်) တွေချည်းပဲ ပြေးဖို့ ကျွန်တော်တို့ အစီစဉ်ရှိပါတယ်။ ၅၈ရော၊ ၅၇ရောပေါ့နော်။ အခုလောလောဆယ်ကတော့ တချို့ကားတွေက   တော်တော်လေး မကောင်းဘူးပေါ့နော်"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ဘရန်းနယူး စီးတီးဘတ်စ်အသစ်များကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆,၀၀၀ တန်ဖိုးဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရချင်းချိတ်ဆက်သည့် G to G (Government To Government) စနစ်ဖြင့် အစီးရေ တစ်ထောင်အား မှာယူတင်သွင်းထားခြင်း ဖြစ်သည်။

အဆိုပါ ကားအသစ် ၁၀၀၀ ကို ပထမအသုတ်အဖြစ် ဇွန်လ ၇ ရက်က အစီး ၃၅၀ ရောက်ရှိခဲ့ပြီး လာမည့်အပတ်အတွင်း ကျန်ရှိကားများအားလုံး ရောက်ရှိမည် ဖြစ်သည်။  အစီးရေ တစ်ထောင်မှ ကားအချို့ကို သတ်မှတ်မော်ဒယ်လ်(၁၉၉၅)အောက် ကားများ အတွက်ပါ အစားထိုးအသုံးပြုသွားမည်ဖြစ်ပြီး အချိန်ကာလ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုလက်ရှိတွင် မေလ ၂၅ ရက်နေ့ကစ၍ မြို့တွင်းပတ်လိုင်းဖြစ်သည့် ၅၆ ယာဉ်လိုင်းတွင် ၂၀၁၇ မတ်လထုတ် ဒေါ်လာ ၈သောင်း၈ထောင်တန် ဖိုတွန်(Foton) အမှတ်တံဆိပ် ကားအသစ်စက်စက်ဖြင့် ပြောင်းလဲပြေးဆွဲနေပြီး  ၅၇ ၊ ၅၈ ယာဉ်လိုင်းများတွင် အသုံးပြုပြီးစီးတီးဘတ် အစီးရေ ၇၀၊ ၈၀ခန့်ဖြင့် ပြေးဆွဲလျက်ရှိသေးသည်။
 
ထို့ကြောင့် ၅၇ နှင့် ၅၈ ယာဉ်လိုင်းများအတွက် ၎င်းအသုံးပြုပြီးသည့်စီးတီးဘတ်စ်များနေရာတွင် တရုတ်နိုင်ငံမှ မှာယူတင်သွင်းထားသော ၂၀၁၇ထုတ် ယူတောင်း(Yutong) နှင့် အန်းကိုင်(Ankai) အမှတ်တံဆိပ် ကားအသစ်စက်စက် ဘရန်းနယူးများဖြင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်သည်။

မြို့ပတ်လိုင်းများဖြစ်သည့် ၅၆၊ ၅၇ နှင့် ၅၈ ယာဉ်လိုင်းတို့သည် YBS စတင်ချိန်တွင် မီနီဘတ်စ်များ ဖြင့် စတင်ပြေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ၂၀၀၇မော်ဒယ်လ် Yutong စီးတီးဘတ်စ်များဖြင့် ပြောင်းလဲပြေးဆွဲပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly