အစွန်းရောက်များအား ရန်ပုံငွေထောက်ခြင်းကို ရပ်ရန် ကာတာအား ဒေါ်နယ်ထရမ့် တိုက်တွန်း

အစွန်းရောက်များအား ရန်ပုံငွေထောက်ခြင်းကို ရပ်ရန် ကာတာအား ဒေါ်နယ်ထရမ့် တိုက်တွန်း

ဝါရှင်တန်၊ ဇွန် ၁၀ ။            ။ အစွန်းရောက်များကို ရန်ပုံငွေ ထောက်ပံ့နေခြင်းအား ရပ်ပစ်ရန်အတွက် ကာတာနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်သည်။

အစွန်းရောက်များအား ထောက်ပံ့သည်ဆိုကာ ကာတာနိုင်ငံအား သံတမန် အဆက်အသွယ်ဖြတ်ထားသည့် အာရပ်နိုင်ငံများအပေါ် တင်းကြပ်မှုများ ဖြေလျော့ပေးရေး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားစဉ် သမ္မတဖြစ်သူက ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။

မဟာမိတ်ကာတာအား ကူညီရန် တူရကီက တပ်အင်အား စေလွှတ်မည် ကမ်းလှမ်းလိုက်ခြင်းကြောင့် တင်းမာမှုများ ပို၍ အရှိန်ပြင်းလာစဉ် ယခုကဲ့သို့ အမေရိကန်က ကြားဝင် တောင်းဆို လာခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့တွင် မကြာသေးမီက တွေ့ဆုံခဲ့သော ဒေသတွင်းခေါင်းဆောင်များနှင့် ဆွေးနွေးရာတွင် ဆော်ဒီနှင့်အတူ ၎င်းက ကာတာနိုင်ငံအား အစွန်းရောက်အုပ်စုများကို   ထောက်ပံ့နေခြင်းရပ်ဖို့  တိုက်တွန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ပြောလိုက်ခြင်းဖြစ်သည်။

ကာတာနိုင်ငံသည် အီရန်နှင့် ထွေးရောယှက်တင် ဆက်ဆံနေပြီး ဒေသတွင်းလည်း မတည်မငြိမ်ဖြစ်အောင် လှုံ့နေသည်ဟု ရေရှည်စွပ်စွဲလာရာမှ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံတို့က ဇွန် ၅ ရက်တွင် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

“ကာတာနိုင်ငံဟာ စိတ်မကောင်းစရာပဲ အစွန်းရောက်အဖွဲ့တွေကို ကြီးကြီးမားမား ရန်ပုံငွေ ထောက်ပံ့နေတဲ့ နိုင်ငံအဖြစ် သမိုင်းကြောင်း ရှိနေပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက် တစ်ခု ချပပါတယ်။ လွယ်ကူတဲ့ လမ်းကြောင်းကို ရွေးတာ ဒါမှမဟုတ်လည်း လိုအပ်ရန် နောက်ဆုံး အရေးယူရမှာပေါ့။ ခုတော့ အစွန်းရောက်တွေကို ရန်ပုံငွေ ထောက်ပံ့တာ ရပ်ဖို့ ကာတာကို ပြောဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။”ဟု အိမ်ဖြူတော်တွင် သတင်းထောက်များအား ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags