အနှိပ်စက်ခံအိမ်အကူမိန်းကလေးအတွက် ကျန်းမာရေးအဖွဲ့ သီးသန့်ဖွဲ့စည်း၍ ကုသပေးနေ

အနှိပ်စက်ခံအိမ်အကူမိန်းကလေးအတွက် ကျန်းမာရေးအဖွဲ့ သီးသန့်ဖွဲ့စည်း၍ ကုသပေးနေ

ရန်ကုန်   ဇွန်   ၉ ။             ။ အိမ်အကူအဖြစ်လုပ်ကိုင်နေစဉ် ၁ လအတွင်း အိမ်ရှင်၏ နှိပ်စက်ညှင်းပန်းမှုများကို ခံခဲ့ရသည့် အိမ်အကူမိန်းကလေး၏ ကျန်းမာရေးအတွက် သီးသန့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ စောင့်ရှောက် ကုသပေးသွားမည်ဟု ရန်ကုန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံအုပ်၊ ဒေါက်တာအောင်ဆန်းမင်းက ပြောသည်။

ထို့ပြင် အိမ်အကူမိန်းကလေးကို ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အတွက်လည်း ကုသပေးသွားမည်ဟု ၎င်းကဆိုသည်။

"စီမံအစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးဆောင်ရွက်သွားမယ်။ ဒီအဖွဲ့က ကလေးနဲ့ ပတ်သက်တာကို အဓိကဆောင်ရွက်သွားမယ်။ ဒီအဖွဲ့မှာ ဆေးရုံအုပ်ကြီးပါမယ်။ ဆေးလူမှုအဖွဲ့ပါမယ်။ သက်ဆိုင်ရာ ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေပါမယ်" ဟု ဒေါက်တာအောင်ဆန်းမင်းက ပြောသည်။

လက်ရှိအနေအထားအရ အရေးပြားပေါ်မှ အပူလောင်ဒဏ်ရာများမှာ ခြောက်သွေ့သက်သာစ ပြုလာပြီ ဖြစ်သည်။

မခိုင်နှင်းဝေသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက် ကျေးရွာကနေ မေလ ၅ ရက်နေ့က ရန်ကုန်ကို အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်လာခဲ့ပြီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်အိမ်ယာက အိမ်တစ်အိမ်တွင် လာရောက်လုပ်ကိုင်ခဲ့ရာမှ ယင်းကဲ့သို့ အနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။

အိမ်အကူအလုပ်အတွက် လုပ်အားခငွေ တစ်လလျှင် ကျပ် ၄ သောင်းသာရရှိပြီး လုပ်ကိုင်နေစဉ်တစ်လအတောအတွင်း အိမ်ရှင်က တစ်နေ့လျှင် ထမင်း တစ်နပ်သာ ကျွေးမွေးခြင်း၊ ဝါးတုတ်၊ ရေနွေးပူ၊ မီးပူ၊ ကပ်ကြေးများကို အသုံးပြုပြီး ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပွားခဲ့သည်။

"ရိုက်လည်းရိုက်တယ်။ ဖယောင်းစက်လည်း ချတယ်။ ဝါးလုံးနဲ့ရိုက်ပြီး ပါးစပ်ကို အပ်နဲ့လည်းထိုးတယ်။ ကတ်ကြေးနဲ့လည်းထိုးသေးတယ်။ အဲ တစ်နေ့တုန်းက သမီး ခြေထောက်မထောက်နိုင်ဘူး။ ဦးမျိုးတို့ကို မေးကြည့်၊သမီး ခြေထောက်မထောက်နိုင်လို့ တွဲပြီး ခေါ်လာရတယ်" ဟု မခိုင်နှင်းဝေက ပြောသည်။

ထိုသို့ နှိပ်စက်မှုများ ကြုံခဲ့ရသော်လည်း ထွက်ပြေးရန် အခွင့်မသာခဲ့ဟု အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေက ပြောသည်။

"ထွက်ပြေးလို့မှ မရတာ။သူတို့က ဂျက်ထိုးထားတာ။ အော်လို့လည်း မရဘူး။ သူတို့က တိုက်ခန်းထဲမှာ ပိတ်ထားတာ။ အော်ရင်လည်း ကိုယ့်တိုက်ခန်းထဲ ကိုယ်ပဲ ကြားရမှာလေ" ဟု မခိုင်နှင်းဝေက ပြောသည်။

အဆိုပါ နှိပ်စက်ခံနေရကြောင်းကို ရပ်ကွက်နေသူအချို့က တိုင်တန်းခဲ့မှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်ရပ်ကွက်ခံများက အဆိုပါအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။

"ရပ်မိရပ်ဖတွေနဲ့ တက်စစ်လိုက်တဲ့အခါမှာ ကလေးကိုအိမ်ထဲမှာ သော့ခတ်ထားတာ။ သံပန်းတံခါးရှိ တယ်။ သစ်သားတံခါးရှိတယ်။ သံပန်းတံခါးကိုပဲ ဖွင့်ထားတယ်။ သစ်သားတံခါးကို အပြင်လူနဲ့ မတွေ့ အောင် ပိတ်ထားတာ။အပြင်ကနေ သော့ခတ်ပြီး အိမ်ရှင်တွေက မရှိကြတော့ဘူး။ တံခါးခေါက်ကြည့်တဲ့အခါ အထဲမှာ ကလေးမလေး ရှိနေတာ သိရတယ်။ သမီး အနောက်တံခါးဖွင့်လို့ ရရင် အနောက်ကနေ ထွက်ခဲ့ဆိုတော့ ကလေးက ထွက်လာတယ်။ ကိုယ်တွေက တစ်ခြားတစ်ဖက်ခန်းက ဝရန်တာကနေ ကလေးကို လှမ်းကြည့်တဲ့ အခါမှာ ကလေးရဲ့လက်မှာ အနာတွေ ရှိတယ်။ မီးလောင်ပူဒဏ်ရာတွေပေါ့။ အဲဒါကြောင့် ကလေးကို ဝရန်တာကနေ ဓါတ်ပုံလှမ်းရိုက်ပြီး ရဲစခန်းကို အကြောင်းကြားလိုက်တယ်" ဟု ဦးမျိုးတင့်နိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအတိုင်း မခိုင်နှင်းဝေ၏ ရင်ဘတ်၊ နောက်ကျော၊လက်၊ခြေထောက်၊ဦးခေါင်း၊မျက်နှာတို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အလုပ်ရှင်၊အိမ်ရှင်လင်မယား အသက် ၃ဝ ကျော်အရွယ်၊ ကိုထွန်းထွန်းနှင့် မမြတ်နိုးသူတို့ကို ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု  ပုဒ်မ ၃၂၆၊ ၃၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ  ၁၁၄ တို့ဖြင့် အရေးယူထားသည်။

ထို့ပြင် ကလေး သူငယ်ဥပဒေဖြင့်လည်း အရေးယူနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်ထားပြီး ၊လူကုန်ကူးမှုနှင့် ငြိစွန်းခြင်း ရှိမရှိ သိနိုင်ရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကလည်း ပူးပေါင်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly