မြန််မာ့လက်ဝှေ့သည် အကောင်းဆုံးဟု Captain America မှ ဇာတ်ဆောင်ပြောဆို

မြန််မာ့လက်ဝှေ့သည် အကောင်းဆုံးဟု Captain America မှ ဇာတ်ဆောင်ပြောဆို

ရန်ကုန်၊ ဇွန် ၈ ။          ။ Captain America ဇာတ်ကားတွင် Crossbones အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် ဂရီလိုသည် မြန်မာရိုးရာလက်ဝှေ့သည် ကိုယ်ခံပညာများအနက် အကောင်းဆုံးဖြစ်သည်ဟု ပြောသည်။

"ဒီလက်ဝှေ့ကို စတင်လေ့လာတဲ့အချိန်မှာ ကျွန်တော်က ကလေးတစ်ယောက်လိုပဲ ဖြစ်သွားတယ်။ ဒီကစားနည်းက ကျွန်တော်မြင်ဖူးသမျှ ကိုယ်ခံပညာတွေထဲမှာ အကောင်းဆုံးလို့ ပြောချင်တယ်။ ကျွန်တော် ကိုယ်ခံပညာတွေ အများကြီး သင်ဖူးပါတယ်။ ဒါပေမဲ့ ဒီပညာက ခန္ဓာကိုယ်တောင့်တင်းရုံ မရဘူး။ ဦးနှောက်ပါ အသုံးပြုပြီး ကစားရတဲ့နည်းပါ။ ဒါက အရမ်းကို ကောင်းပါတယ်"ဟု အမေရိကန်ရုပ်ရှင်မင်းသား ဂရီလိုက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ မြန်မာရိုးရာလက်ဝှေ့ကိုသင်ယူနေပြီး နိုင်ငံတိုင်း၏ ရိုးရာ အတိုက်အခိုက်ပညာများကို လေ့လာလို၍ မြန်မာလက်ဝှေ့ကို လေ့လာဖြစ်ခဲ့ကြောင်း ဂရီလိုက ဆိုသည်။

"လက်ဝှေ့သမားတွေကိုရော ဒီက ပြည်သူတွေကိုရော နောက် ဒီပညာကို ဘယ်လိုလူသိများအောင် လုပ်ရမလဲဆိုတာ လေ့လာတယ်။ ကျွန်တော် ဒီကနေ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ လက်ဝှေ့ ဆိုတာ ဘာလဲ သိအောင် လုပ်ချင်ပါတယ်"ဟု ဂရီလိုက ဆက်ပြောသည်။

အက်ရှင်ဇာတ်ကားများကို သရုပ်ဆောင်ခဲ့သည့် ဂရီလိုသည် နောက်ပိုင်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှ ကိုယ်ခံပညာများကို လိုက်လံလေ့လာသွားမည် ဖြစ်ပြီး ကိုယ်ခံပညာသမားများ၏ဘဝနှင့် ယဉ်ကျေးမှုများကို ဖော်ပြသော မှတ်တမ်းရုပ်ရှင်များကိုလည်း ရိုက်ကူးသွားရန်ရှိနေသည်။

ဂရီလိုကို ၁၉၆၅ခုနှစ် ဇွန်လ ၈ရက်နေ့တွင် မွေးဖွားခဲ့ပြီး ယနေ့တွင် ၅၂နှစ်ပြည့် မွေးနေ့ပြည့်ပြီဖြစ်သည်။

ဂရီလိုသည်  နာမည်ကျော် အက်ရှင်ဇာတ်ကားဖြစ်သည့် The Purge: Anarchy နှင့် The Purge: Election Year စသည့်ဇာတ်ကားများတွင် ခေါင်းဆောင်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly