မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကနေဒါ ကြေညာ

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကနေဒါ ကြေညာ
Photo-AFP
 

ဇွန် ၈ ။           ။ ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၇ ရက်က ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယမန်နေ့က တပ်မတော်အရာရှိစစ်သည်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေလိုက်ပါသွားတဲ့ စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း များစွာထိခိုက်ဝမ်းနည်းရပါကြောင်း ဝန်ကြီးချုပ် ထရူဒိုးက ထုတ်ဖော်သွားတယ်လို့ သိရပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကနေဒါဘက်က ကူညီထောက်ပံ့ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေ ထိန်းသိမ်းဆောင်ရွက်ရေး အမျိုးသမီး၊ လူငယ်ထုအပေါ် လေးစားတန်ဖိုးထားရေးနဲ့ တိုင်းရင်းသားတွေနဲ့လူနည်းစုအသိုင်းအဝိုင်းတို့အပေါ် ကာကွယ်ပေးရေး စတဲ့အပိုင်းတွေမှာ တိုးမြင့်အားထုတ်ပေးသွားဖို့ ကနေဒါဝန်ကြီးချုပ်က မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြောကြားသွားပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ ကိစ္စရပ်တွေ၊ စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းလုံခြုံရေး စတဲ့အပိုင်းတွေနဲ့ပတ်သက်လို့လည်း ခေါင်းဆောင်နှစ်ဦးအကြား ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံမှုအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ဒေါ်လာ ၈ ဒသမ ၈ သန်း ထောက်ပံကူညီမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ကြေညာသွားပါတယ်။

" ကနေဒါနဲ့ မြန်မာအကြား ဆက်ဆံမှုကို တစ်နေ့တစ်ခြား တိုးတက်လာနေပါတယ်၊ မြန်မာပြည်သူတွေအနေနဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ တက်လှမ်းချီတက်နေချိန်မှာ ဒီလိုနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ပြည်သူတစ်ရပ်လုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အလုံးစုံပြည့်စုံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ထောက်ခံအားပေးပါတယ်" လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly