ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ကနေဒါ၀န်ကြီးချုပ်က တပ်မတော်လေယာဉ်အတွက် ဝမ်းနည်းစကားဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ကနေဒါ၀န်ကြီးချုပ်က တပ်မတော်လေယာဉ်အတွက် ဝမ်းနည်းစကားဆို
ဓာတ်ပုံ-MOF

ဇွန် ၈ ။           ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါဝန်ကြီးချုပ်တို့တွေ့ဆုံစဉ် ကနေဒါဝန်ကြီးချုပ်က ပျောက်ဆုံးတပ်မတော်လေယာဉ်နှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်းစကား ဆိုခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၇ ရက်တွင် ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ခရီးသည် ၁၀၆ ဦးလိုက်ပါသွားတဲ့ တပ်မတော်လေယာဉ် ပျောက်ဆုံးပျက်ကျခဲ့ရတဲ့ဖြစ်စဉ်အပေါ် ဝမ်းနည်းမိကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ကနေဒါဒေါ်လာ ၈ ဒသမ ၈ သန်း ကူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကနေဒါနိုင်ငံကျင့်သုံးခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

" ကျွန်မ ဒီကို ရောက်လာရတာ ဝမ်းမြောက်မိပါတယ်၊ အထူးသဖြင့်တော့ ကနေဒါ နိုင်ငံရဲ့ ဖယ်ဒရယ်လစ်ဇင်အကြောင်းကို လေ့လာခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံလည်း  ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့်ပါ" လို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံနေတဲ့ အနောက်နိုင်ငံတွေထဲမှာ ကနေဒါလည်း ပါဝင်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုးနှင့် ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန် အာလင်းနှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ဇွန်လ ၄ ရက်၊ ည  ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly