တူရကီရှိ အိုင်အက်စ်ချေမှုန်းရေးမစ်ရှင်မှ တပ်အင်အားကို ဂျာမနီက ပြန်လည်ရုပ်သိမ်းမည်

တူရကီရှိ အိုင်အက်စ်ချေမှုန်းရေးမစ်ရှင်မှ တပ်အင်အားကို ဂျာမနီက ပြန်လည်ရုပ်သိမ်းမည်

ဘာလင်၊ ဇွန် ၈ ။             ။ နေတိုးအဖွဲ့ဝင် ဂျာမနီနှင့် တူရကီနှစ်နိုင်ငံကြား သံတမန်ရေးရာ အချင်းများမှုကြောင့် တူရကီတွင် ရှိသော အိုင်အက်စ်ချေမှုန်းရေးမစ်ရှင်မှ တပ်အင်အားနှင့် စစ်လေယာဉ်တို့အား ဂျာမနီက ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

တူရကီက ရွေးချယ်စရာမရှိအောင် လုပ်လိုက်ကြောင်း၊ သို့ပေမယ့် ဖြစ်ပွားနေသည့် သံတမန်ရေး ကိစ္စရပ်ကို ဖြေရှင်းသည့် နောက်ဆုံးဆွေးနွေးပွဲလည်း အထမြောက်ခြင်း မရှိခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းလိုက်ဖို့ရန်သာ ရှိတော့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာဂါဘီရယ်က ပြောသည်။

ဂျာမနီနိုင်ငံသည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်ချေမှုန်းရေး အနောက်အုပ်စု၏ လေကြောင်းထိုးစစ်များအတွက် တပ်အင်အား ၂၆၀ နှင့် Tornado စစ်လေယာဉ်အချို့ကို တူရကီရှိ Incirlik လေတပ်စခန်းတွင် ဖြန့်ကြက်ချထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသော တူရကီနိုင်ငံ၏ အရေးနိမ့်ခဲ့သည့် အာဏာသိမ်းမှုမှ ထွက်ပြေးလာသူ တူရကီအရာရှိကို ဂျာမနီနိုင်ငံက နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သည်။

ယင်းကို လက်တုံ့ပြန်သည့် အနေဖြင့် တူရကီစစ်စခန်းမှ ဂျာမနီစစ်သားများကို လာရောက်ကြည့်ရှုမည့် ဂျာမနီလွှတ်တော်အမတ်အား တူရကီက လာရောက်ခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၅ ရက်က ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဂါဘီရယ်သည် အထက်ပါ အချင်းများသည့် ကိစ္စရပ်ကို ဖြေရှင်းရန် တူရကီနိုင်ငံသို့ လာရောက်ခဲ့သော်လည်း တူရကီဝန်ကြီးချုပ် ဘီနာလီယီဒါရင်းက တွေ့ဆုံရန် ငြင်းဆန်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags