သတ်မှတ်မော်ဒယ်လ်အောက် ဘတ်စ်ကားများကို ၂၀၁၇ထုတ် ကားအသစ်များဖြင့် အစားထိုးလဲလှယ်စေမည်

သတ်မှတ်မော်ဒယ်လ်အောက် ဘတ်စ်ကားများကို ၂၀၁၇ထုတ် ကားအသစ်များဖြင့် အစားထိုးလဲလှယ်စေမည်

ရန်ကုန်၊ဇွန်၇ ။            ။ ၁၉၉၅ နှင့် ၁၉၉၅ မော်ဒယ်လ်အောက် ဘတ်စ်ကားများကို ၂၀၁၇ထုတ် ကားအသစ်များဖြင့် အစားထိုးလဲလှယ်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင်က ပြောသည်။

၁၉၉၅ နှင့် ၁၉၉၅ မော်ဒယ်လ်အောက် ဘတ်စ်ကားများအားလုံးသည် ယခုဇွန်လ၂၀ရက် နောက်ဆုံးထား ဖယ်ပေးရမည်ဖြစ်သည်။

အဆိုပါ ကားဟောင်းများနေရာတွင် ၂၀၁၇ခုနှစ်ထုတ် Yutong နှင့် Ankai တရုတ်ကားသစ်များဖြင့် အစားထိုးပြေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ဘတ်စ်ကားသစ် အစီး ၃၅၀ ရောက်ရှိနေပြီဖြစ်သည်။

"ဒီလ၂၀ရက်နေ့ကျရင် ၉၅နဲ့ ၉၅အောက် အားလုံးက ဖယ်ရတော့မှာပေါ့နော်။ အဲ့ဒီနေရာတွေမှာအစားထိုးဖို့ နံပါတ်တစ်ပေါ့နော် ဒုတိယကတော့လိုင်းကားတစ်ကယ်လို့ လိုအပ်လို့ရှိရင်လည်း ကျွန်တော်တို့ထပ်ထည့်ပေးဖို့လည်းရှိပါတယ်။ ဒါလေးတွေလည်းရှိတယ်။ ဒါပေမယ့် အဓိကကတော့ ထွက်သွားမယ့်ကားတွေက အများကြီးလေ အဲ့နေရာမှာ အဓိကအစားထိုးမယ်ပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင်က ဆိုသည်။

ဘတ်စ်ကားအသစ်များပြေးဆွဲမည့် ယာဉ်လိုင်းကို မရွေးချယ်ရသေးသော်လည်း မြို့တွင်းနှင့် အဓိကကျသော လမ်းမများအားလုံးကို ဘတ်စ်ကားအသစ်များဖြင့် ပြေးဆွဲစေမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှာယူတင်သွင်းထားသော အစီးရေတစ်ထောင်တွင် ပထမအသုတ်အနေဖြင့် Yutong အစီးရေ ၂၅၀နှင့် Ankai အစီးရေ ၁၀၀တို့သည်   ပြည်သူ့ရင်ပြင်တွင်   ရောက်ရှိနေပြီဖြစ်သည်။ ဒုတိယအသုတ်မှာယူထားသော ဘတ်စ်ကားများနှင့် တတိယအသုတ်မှာယူထားသာ Yutong နှင့် Ankai ကားများအားလုံးသည် ယခုတစ်ပတ်အတွင်း   ရောက်ရှိလာမည်ဟု ဒေါက်တာမောင်အောင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly