ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို ပညာရေးကဏ္ဍဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကူညီမည်

ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို ပညာရေးကဏ္ဍဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကူညီမည်

ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်သည့် မြန်မာ့စီးပွားရေးလုပ်ငန်းများမှ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မည့်လုပ်ငန်းစဉ်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပညာရေးကဏ္ဍတစ်ခုအဖြစ် ပါဝင်ကူညီသွားမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဇွန်၃ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမြတ်တစ်ခုတည်းရဖို့ မဟုတ်ဘဲနဲ့ ကျင့်ဝတ်ရှိရှိနဲ့ ဒေသတစ်ခု တိုင်းပြည်တစ်ခုအတွက် အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေကို သင်မယ်” ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု စသည့် မဟာဝိဇ္ဇာတန်းများ အားလုံးတွင် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ပိုင်းနှင့် လူမှုရေးတာဝန်များကိုလည်း ထည့်သွင်းသင်ကြားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

အထူးသဖြင့်ပဋိပက္ခလွန်ဒေသများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည့် ဒေသများတွင် စီးပွားရေးလုပ်ငန်းများက ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည့် သုတေသန နှင့် လေ့လာမှုများကို ဆောင်ရွက်ဖို့   ရှေ့ဆက်လုပ်ငန်းစဉ်အဖြစ် ရည်ရွယ်ထားပြီး လက်ရှိတွင် တက္ကသိုလ်အနေဖြင့် ရှမ်းပြည်နယ်မှ ကျေးရွာများနှင့် အခြား ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ဒေသများ၏ လူမှုစီးပွားရေးလိုအပ်ချက်များကိုလည်း   လေ့လာမှုများ နှင့် အကြံပြုချက်စာတမ်းများ ပြုစုနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly