သူရဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက်လာသည်ဟု သမ္မတကြီးပြောကြား

သူရဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက်လာသည်ဟု သမ္မတကြီးပြောကြား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၆ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၏ ကျန်းမာရေးအခြေအနေသည် တိုးတက်ကောင်း မွန်လာနေသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ပြောကြားသည်။

ဇွန်လ ၆ ရက်၊ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၏ကျန်းမာရေး အခြေ အနေကို လာရောက် ကြည့်ရှုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတကြီးက မီဒီယာများကို ယခုကဲ့သို့  ပြောခဲ့ ခြင်းဖြစ်သည်။

"သူက စိတ်ဓါတ်လည်းကောင်းမွန်တယ်။ မြန်မြန်ကောင်းမှာပါ။ အားထုတ်မှုလည်းရှိတယ်။ စိတ်ဓါတ်လည်း ရှိတယ်။ သီလလည်းရှိတယ်။ တော်တော်လေး ကောင်းလာမှာပါ။ စိတ်ဓါတ်က   တော်တော်ရှိတယ်။ ခြေထောက်တွေ ဘာတွေလည်း လှုပ်ပြတယ်။ လက်လှုပ်ပြတယ်။ စကားပြောတာကတော့ တဖြည်းဖြည်း ကောင်းလာမှာပါ။ တဖြည်းဖြည်းလေ့ကျင့်ရင်း   ပြန်ကောင်းလာမှာပါ။" ဟု သမ္မတက ပြောသည်။

ထို့နောက် အနီးရှိသမ္မတကတော် ဒေါ်စုစုလွင်ကို လက်ညှိုးထိုးပြ၍လည်း "အန်တီ့အဖေလည်း ဒီလိုပဲ ဖြစ်ဖူးတယ်။ဒီလိုပဲ ပြန်လေ့ကျင့်ရင်းနဲ့ကောင်းသွားတယ်" ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတော်သမ္မတကြီးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြိုဆိုခဲ့ပြီး၊ရန်ကုန် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနဲ့ တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိ ကျန်းမာရေးတိုးတက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

သမ္မတကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးကို လေ့ကျင့်ခန်းမှန်မှန်လုပ်ရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးအခြေအနေအတွက်လည်း အားပေးစကားများပြောကြားခဲ့သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။ လက်ရှိ ဦးတင်ဦး၏ ကျန်းမာရေးအနေအထားသည် အတော်လေးကောင်းမွန်တိုးတက်နေပြီဆိုသော်လည်း စကားပြောနိုင် ရန်အတွက် အချိန်ယူရဦးမည်ဟု ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောသည်။

"စကားမပြောနိုင်တဲ့အပိုင်းကတော့ နည်းနည်းလေး လေ့ကျင့်ခန်းတွေ လုပ်ရမယ်။နည်းနည်းလေး ကြာမယ်လို့ သုံးသပ်ထားပါတယ်။"  ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

ဇွန်လ ၃ ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှု အားပေးစကားပြောကြားခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသည့်အတွက် မေ ၁၈ ရက်ကစပြီး ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သတိကောင်းစွာရရှိပြီး လေဖြတ်ထားသည့် ခန္ဓာကိုယ်အခြမ်းလှုပ်ရှားလာနိုင်သည် အထိ ကျန်းမာရေးတိုးတက်မှုရှိလာသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံးကြီးက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly