မီးပူဖြင့်ကပ်၊ ရေနွေးပူဖြင့်လောင်းပြီး အိမ်အကူမိန်းကလေးငယ်အား ညှင်းပန်းနှိပ်စက်ခဲ့သူ နှစ်ဦးကို အမှုဖွင့် အရေးယူ

မီးပူဖြင့်ကပ်၊ ရေနွေးပူဖြင့်လောင်းပြီး အိမ်အကူမိန်းကလေးငယ်အား ညှင်းပန်းနှိပ်စက်ခဲ့သူ နှစ်ဦးကို အမှုဖွင့် အရေးယူ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၆ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း (၄ဝ၂) တွင် အိမ် အကူမိန်းကလေးငယ်တစ်ဦးအား မီးပူဖြင့်ကပ်၊ ရေနွေးပူဖြင့်လောင်းပြီး ညှင်းပန်းနှိပ်စက်ခဲ့သူ နှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးငယ်တွင် ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းနှစ်ဖက်နှင့် ပေါင်နှစ်ဖက် တို့တွင် မီးအပူလောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့်ခြေထောက်နှစ်ဖက်တို့တွင်လည်း ဖူးရောင်ဒဏ်ရာများတွေ့ရှိရပြီး အဆိုပါ ဒဏ်ရာများမှာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ မမြတ်နိုးသူတို့နှစ်ဦးက မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းတို့ကြောင့် ရရှိသောဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ လမ်းမှ ရာအိမ်မှူး ဦးမျိုးတင့်နိုင်က အဆိုပါ နေအိမ်တွင် အိမ်အကူမိန်းကလေးငယ်တစ်ဦး နှိပ်စက်ခံနေရသည်ဟု သတင်းရသဖြင့် ဇွန်လ ၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အိမ်ရှင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ထွန်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မမြတ်နိုးသူတို့နှင့်အတူ ညှင်းပန်းနှိပ်စက်ခဲ့နေရသည့် အိမ်အကူမိန်းကလေးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ အိမ်အကူမိန်းကလေးငယ်အား  ညှင်ပန်းနှိပ်စက်ခဲ့သူ ထွန်းထွန်းနှင့် မမြတ်နိုးသူတို့နှစ်ဦးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းမှ (ပ)၆၆၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၅/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ် ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး လူကူန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းမှုရှိ၊ မရှိ အမှတ်(၆) လူကူန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly